အင်းတကော်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းခံရသူများ သမ္မတနှင့် တွေ့ဆုံနိုင်ရန် ဆက်လက်ထွက်ခွာ

အင်းတကော်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းခံရသူများ သမ္မတနှင့် တွေ့ဆုံနိုင်ရန် ဆက်လက်ထွက်ခွာ

 အောက်တိုဘာ ၂၆ ။                      ။ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရန်နှင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံရသူများအား အမြန်ဆုံးလွှတ်ပေးရန် သမ္မတထံ သွားရောက် တောင်းဆိုသည့် ဒေါ်နန်းမူခမ်းနှင့် အဖွဲ့သည် ပဲခူးတိုင်း အင်းတကော်မြို့၌ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသော်လည်း ဒဏ်ငွေဆောင်ပြီး နေပြည်တော်သို့ ဆက်လက်ထွက်ခွာနေသည် ဟု ယင်းအဖွဲ့မှ သိရသည်။

နေပြည်တော်၌ သမ္မတအားတွေ့ဆုံရန်ကြိုးစားမည့် လမ်းလျှောက်အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှ ရန်ကုန်သို့ ကားဖြင့်ထွက်လာခြင်းဖြစ်ပြီး ၁၇ ရက်နေ့ နံနက် ၇ နာရီတွင် ထောက်ကြန့် အမှတ် (၃) လမ်းဆုံမှ စတင်လမ်းလျှောက်ထွက်လာခဲ့သည်။

အောက်တိုဘာ ၁၈ ရက်နေ့တွင် ခွင့်ပြုမိန့် မတင်ဘဲ နယ်ကျော်ဖြတ်၍ ပုဒ်မ ၁၈ ဖြင့် အင်းတကော် ရဲစခန်း၏ အရေးယူခြင်းကို ခံရသည်ဟု လမ်းလျှောက်အဖွဲခေါင်းဆောင် ဒေါ်နန်းမူခမ်းက မဇ္ဈိမသို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောကြားသည်။

''၁၈ ရက်နေ့က အင်းတကော်ရဲစခန်းမှာ ဖမ်းခံရတယ်။ ၁၉ ရက်နေ့ တရားရုံးတင်တယ်။ ၂၀ ရက်နေ့ အမိန့်ချတယ်။ ဒဏ်ငွေ တစ်သောင်းဆောင်ပြီး ပြီးသွားတယ်။ လမ်းတလျှောက် ခွင့်ပြုမိန့်တင်တာနဲ့ အင်းတကော်မှာ ၈ ရက် ကြာသွားတယ်။ ဒီမနက် စထွက်လာတာ ဘုရားကြီးမှာ ညအိပ်နားပါမယ်။'' ဟု ၎င်းက ဆိုသည်။

လမ်းတလျှောက် ခွင့်ပြုမိန့်တင်ရာတွင် ရေတာရှည်မြို့နယ်မှာ ခွင့်ပြုမိန့်အတင်မခံဘဲ ဒိုက်ဦး၊ ကျောက်တံခါး၊ ပျဉ်ပုံကြီးနှင့် ညောင်လေးပင်မြို့နယ်များသာ ခွင့်ပြုမိန့်ရပြီး ကျန်မြို့နယ်များက အကြောင်းမပြန်သေးကြောင်း သိရသည်။

နယ်မြေမကျွမ်းကျင်မှု၊ ကျန်းမာရေးနှင့် အခြားအခက်အခဲများရှိနေသော်လည်း နေပြည်တော်ထိ အရောက်သွားကာ သမ္မတနှင့်တွေ့ဆုံလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် ပုဒ်မ ၁၇ (၁) ဖျက်သိမ်း ပေးရန်၊ NCA စာချုပ်နောက်ဆက်တွဲပါ အခန်း ၁၆၊ အပိုဒ် ၂၄ (က)၊ (ခ)၊ (ဂ) တို့ကို အဓိကထား တောင်းဆိုသွားမည်ဟု ဒေါ်နန်းမူခမ်းက ပြောသည်။

လမ်းလျှောက်အဖွဲ့တွင် ဒေါ်နန်းမူခမ်း၊ ဒေါ်နန်းမေရီ၊ ဦးထွန်း၊ စောတင်ဝ၊ စောဒီးဒီး (မသန်စွမ်း) တို့ လမ်းဆက်လျှောက်နေပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးစိုင်းမှာမူ ကျန်းမာရေးကြောင့် ဘားအံသို့ ပြန်သွားခဲ့သည်။

ယင်းလမ်းလျှောက်အဖွဲ့သည် ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ ဦးစောမောင်ကြီး အား မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးသည်ကို ဆန့်ကျင်သူများလည်းဖြစ်သည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ဘားအံအကျဉ်းထောင်တွင် ဖမ်းခံနေရသော ဦးစောမောင်ကြီး၏ ဇနီးဖြစ်သူ ဒေါ်နန်းမြရီက NCA လက်မှတ်ထိုးသည့်အဖွဲ့များကို မတရာအသင်းမှ ပယ်ဖျက်ပြီးဖြစ်၍ ၁၇ (၁) နှင့် ဖမ်းထားသူများကို ပြန်လွှတ်ပေးသင့်သည်ဟု ပြောသည်။

''စာရင်းအရ ကော့ကရိတ်မြို့နယ်မှာ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်ကျနေသူ ၁၄ ဦးရှိပြီး၊ ကရင် တစ်ပြည်နယ်လုံးမှာ အယောက် ၃၀ ကျော် ရှိပါတယ်။ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေကို မတရား အသင်းက ပယ်ဖျက်ပြီးဖြစ်လို့ မတရားအသင်းနဲ့ဆက်သွယ်တယ်လို့ ဖမ်းထားတဲ့ ဦးစောမောင်ကြီးနဲ့ တခြားသူတွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။'' ဟု ဒေါ်နန်းမြရီက မဇ္ဈိမသို့ ပြောသည်။

၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ ဦးစောမောင်ကြီးအား သြဂုတ်လ ၇ ရက်၊ ည ၁၀ နာရီခွဲ အချိန် ရုံးခန်း၌ လက်နက်များရှိသည်ဟု လာရောက်ရှာဖွေရာ မတွေ့ရဘဲ DKBA နှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထားပြီး လာမည့် ၃၀ ရက်နေ့တွင် ရုံးထုတ်မည် ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly