ဇန်နဝါရီ ၁၂။ ။ အမေရိကန်တောင်ပိုင်းတွင် အားပြင်းသည့် မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်ခဲ့၍ အနည်းဆုံး လူ ၁၁ ဦး သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောသည်။
လေဆင်နှာမောင်းများ တိုက်ခတ်မှု၊ လေပြင်းကျမှုတို့ကြောင့်လည်း သစ်ပင်များ လဲကျခြင်း၊ ကားများ တိမ်းမှောက်ခြင်း နေအိမ်များ ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ပြည်သူ သိန်းနှင့်ချီတို့သည်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
မုန်တိုင်းများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က တောင်ပိုင်းရှိ ဒေသများသို့ တိုက်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားဖွယ် ရှိနေကြောင်း အမျိုးသား ရာသီ ဥတုဌာနက ထုတ်ပြန်သည်။
ပြည်နယ် အများအပြားတွင်လည်း ရေလွှမ်းမိုးမှု၊ လေဆင်နှာမောင်း ကျနိုင်မှု သတိပေးချက်များ ထုတ်ပြန်ထားသည်။
မုန်တိုင်း ဝင်ရောက်မှုကြောင့် တက္ကဆက် ပြည်နယ်၊ လူဝီစီးယားနားပြည်နယ်၊ အလာဘားမား ပြည်နယ်တို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။