အောင်ဘာလေထီ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ်များထံက ငွေကျပ်သိန်း ၂၀၀ ကျော် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

By ချမ်းငြိမ်း၊ မိုင်းယိုင်နီ
02 January 2020
အောင်ဘာလေထီ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ်များထံက ငွေကျပ်သိန်း ၂၀၀ ကျော် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

ဇန်နဝါရီလ ၂ရက် ။             ။ အောင်ဘာလေထီကို အစိုးရက သတ်မှတ်ထားသော ဈေးထက်ပိုရောင်းသည့်  ကိုယ်စားလှယ်များထံမှ ငွေကျပ်သိန်း ၂၀၀ ကျော် ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ဒီဇင်ဘာလအတွင်းက သတ်မှတ်ထီ ဈေးနှုန်းထက် ဈေးပိုရောင်းသည့် ကိုယ်စားလှယ်များထံမှ ထီ စာအုပ်ပေါင်း သုံးသောင်း(၃၀၀၀၀) ကျော်လည်း ဝယ်ယူခွင့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ အခု လောလောဆယ်မှာ ပြည်နယ်နဲ့တိုင်း မြို့နယ်အလိုက်မှာ စစ်ဆေးရေးတွေ လွှတ်ပြီးတော့ ပိုရောင်း တဲ့လူတွေကို သူတို့ရထားတဲ့ ပါမစ်တွေကို ရုပ်သိမ်းတယ်။ သူတို့တင်ထားတဲ့ ကြိုတင်ငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတာတွေ လုပ်နေတယ်။ အုပ်ရေ သုံးသောင်း ကျော်ကို သိမ်းပစ်လိုက်တယ်၊ ပါမစ်တွေကို ပြန်သိမ်းတယ်။ သူတို့တင်ထားတဲ့ သိန်း ၂၀၀ ကျော်ကိုလည်း သိမ်းဆည်း လိုက်တယ်။ အဲဒါတွေနဲ့ ထိန်းသိမ်းမှုတွေ ဆောင်ရွက် နေတယ်၊ ဒါက ရေတိုအလုပ်ပေါ့။ ရေရှည်လုပ်သင့်တဲ့ အလုပ်က E-Lottery သော်လည်းကောင်း၊ paper Lottery ဒါမှမဟုတ် အွန်လိုင်းပေါ် တင်ပြီး ရောင်းတဲ့စနစ် သော် လည်းကောင်း လုပ်ရဖို့တော့ လိုမယ်။ E-Lottery ဆောင်ရွက်ခွင့်ရအောင် အထက် အကြီးအကဲတွေဆီကို တင်ပြထားတယ်”ဟု ပြောသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် ထီကိုယ်စားလှယ်များကို တစ်လလျှင် အမြတ် ၁၀ ရာခိုင်နှုန်းနှင့် တစ်နှစ်အတွက် ရာခိုင်နှုန်း ၁၂၀ အမြတ် ပေးထားကြောင်း သိရသည်။

ရွှေမြန်မာ ချစ်ကြည်ရေးနှင့် ကမ္ဘာသစ် ထီဆိုင်မှ အရောင်းကိုယ်စားလှယ်ဖြစ်သူ ဦးစန်းယုက “ထီက ဈေးကွက် လိုအပ်ချက်အရ အလုံးနည်းနည်း လျှော့လိုက်ရင် ဈေးတက်တယ်၊ အလုံး ပိုထုတ်လိုက်ရင် ဈေးကျမယ်။ ထီဈေး အတက်အကျက ဈေးကွက်ရဲ့ လိုအပ်ချက်ကို ထိန်းညှိပြီးတော့ ထုတ်မှသာ ဈေးကွက် တည်တည်ငြိမ်ငြိမ်နဲ့ သွားလို့ရမယ်။ အလုံး နည်းရင် ဈေးတက်မှာ အလုံးများရင်ဈေးကျမယ်။ ဈေးလည်းမတက် မကျချင်ဘူးဆိုရင် ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြစ်နိုင်တဲ့အလုံးကို ချိန်ထုတ်ရင် ပိုကောင်းတယ်”ဟု ပြော သည်။

လက်ရှိတွင် အစိုးရမှ ထီတစ်စောင်လျှင် ၉၁၀ နှုန်းဖြင့် ထီကိုယ်စားလှယ်များထံ ရောင်းချနေပေးပြီး ထီ ကိုယ်စားလှယ်များမှ တဆင့် ထီ အရောင်းဆိုင်များသို့ ၉၅၀၊ ၉၆၀၊ ၉၇၀ နှုန်း များဖြင့် ပြန်လည် ရောင်းချနေသည့် လက်လီ အရောင်းဆိုင်များက ထီ တစ်စောင်လျှင် ကျပ် ၁၁၀၀၊ ၁၂၀၀ ကျပ်နှုန်းများဖြင့် ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

အောင်ဘာလေထီ ကိုယ်စားလှယ် များအနေဖြင့်လည်း ဆိုင်ခန်းခ၊ ပါကင်ဖိုး၊ ဝန်ထမ်းခများ ပေးနေရမှုများ ရှိနေသလို ထီ လက်လီ/လက်ကား အရောင်းဆိုင်များ အနေဖြင့် ထီ ကျန်ပါက အရင်းပြုတ်သည်အထိ ရှိနေကြောင်း၊ ကျပ် ၁၀၀၀ တန်ထီ ထုတ်ပြီးနောက်ပိုင်း ဆုံးရှုံးမှုများ ပိုမိုများလာကြောင်း ထီအရောင်း ကိုယ်စားလှယ်များထံက သိရသည်။

ထီကိုယ်စားလှယ်များနှင့် ထီရောင်းချသူ များအနေဖြင့် သတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ရောင်းမကုန်သည့် ထီများကို အစိုးရအနေဖြင့် ပြန်လည် သိမ်းယူပေးပါကလည်း သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly