တရုတ် ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် ဥပဒေတစ်ရပ် ထိုင်ဝမ်အတည်ပြု

တရုတ် ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် ဥပဒေတစ်ရပ် ထိုင်ဝမ်အတည်ပြု

ဇန်နဝါရီ ၁။            ။ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများအား ဆန့်ကျင် တွန်းလှန်မှုများ ရှိနေစဉ် အငြင်းပွားဖွယ် ဥပဒေ တစ်ရပ်ကို ထိုင်ဝမ်က ဇန်နဝါရီ ၁ ရက်တွင် အတည်ပြုလိုက်သည်။

သမ္မတသစ် ရွေးကောက်ပွဲများ မတိုင်မီ သီတင်းနှစ်ပတ်ပင် မလိုတော့သည့် အချိန်၌ “ဩဇာလွှမ်းမိုးမှုများ ဆန့်ကျင့်သည့် ဥပဒေကြမ်း”ကို ထိုင်ဝမ်က အတည်ပြုလာခြင်း ဖြစ်သည်။

ထိုင်ဝမ်သမ္မတ မစ္စဆိုင်အင်ဝမ်(Tsai Ing Wen)၏ တရုတ် မလိုလားသော အာဏာရပါတီက အဆိုတင်ခဲ့သည့် ထိုဥပဒေကို အတိုက်အခံ ကူမင်တန်ပါတီက ကန့်ကွက်နေသည့်ကြားမှာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အသက်ဝင်ပြီ ဖြစ်သော ထိုဥပဒေအရ မဲဆွယ်ဟောပြော စည်းရုံးမှုများ၊ နိုင်ငံရေးနွယ်သော ပေးကမ်း လှူဒါန်းမှု များ၊ အရပ်ဖက်အမိန့် ထုတ်ပြန်ချက်များအား နှောင့်ယှက်ခြင်းများ၊ ရွေးကောက်ပွဲနှင့် ဆက်နွယ်ပြီး သတင်းမှား ဖြန့်ဝေခြင်းများ စသည့် အချက်များကို တားမြစ်ထားသည်။

ဥပဒေအား ဖောက်ဖျက် ကျူးလွန်သူများအနေဖြင့် အများဆုံး ထောင်ဒဏ် ငါးနှစ်နှင့် ငွေဒဏ် အမေရိကန် ဒေါ်လာ ၃၃၂၀၀၀ ခန့် ချမှတ်ခံရမည် ဖြစ်သည်။

ပါလီမန်တွင် ထိုဥပဒေအား အတည်ပြုရာ၌ ကူမင်တန်ပါတီ အမတ်များက ထိုင်သပိတ် ဆင်နွှဲပြီး မဲမပေးဘဲ နေခဲ့ကာ ယုတ်ညံ့သော ဥပဒေအဖြစ် ကန့်ကွက်ခဲ့ကြသည်။

လာမည့် ဇန်နဝါရီ ၁၁ ရက် ရွေးကောက်ပွဲတွင် သမ္မတ မစ္စဆိုင်အင်ဝမ်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီကို အပြစ်ပေးကြရန် မဲပေးမည့် ပြည်သူများအား ကူမင်တန်ပါတီဝင်များက ဆော်ဩလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly