ကမ္ဘာ့ အသက်အကြီးဆုံးသော ကြံ့ သေဆုံး

ကမ္ဘာ့ အသက်အကြီးဆုံးသော ကြံ့ သေဆုံး

ဒီဇင်ဘာ ၂၉။             ။ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးကြံ့ဟု ယုံကြည်ရသည့် Fausta အမည်ရှိ ကြံ့ကြီးသည် ယခုအခါ တန်ဇန်နီးယားနိုင်ငံတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံ့ကြီးသည် သေဆုံးချိန်တွင် အသက်အားဖြင့် ၅၇ နှစ် ရှိပြီဟု သိရသည်။

အရှေ့ပိုင်း ကြံ့နက်အမျိုးအစား Fausta ကို ၎င်းအသက် ၃ နှစ်သားအရွယ် ၁၉၆၅ ခုနှစ်က အန်ဂိုရွန်ဂိုရို ချိုင့်ကြီးတွင် ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကြံ့ကြီး Fausta သည် အဆိုပါ ချိုင့်ကြီးထဲတွင် တောသဘာဝအလျောက် နှစ်ပေါင်း ၅၄ နှစ်ကြာ လွတ်လပ်စွာ နေထိုင်သွားလာကျက်စားနေခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မတိုင်မီကာလအတွင်း Fausta ၏ အမြင်အာ ရုံသည် ယိုယွင်းနေခဲ့ပြီး အခြားသော အုပ်စုလိုက်နေသည့် တောရိုင်းတိရစ္ဆာန်များ၏ ရန်ပြုတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ရသည်ဟု သိရသည်။

Fausta ၏ အသက်အရွယ် ကြီးလာချိန် ကျန်းမာရေးအခြေအနေအရ အထူးစောင့်ရှောက်မှု ခံယူရန် လိုအပ်လာခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်မှစ၍ သဘာဝဘေးမဲ့တောတစ်ခုထံ ပြောင်းရွှေ့စောင့်ရှောက်ပေးခဲ့ရသည်။

ယခုအခါ Fausta သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက် ညနေခင်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။

မှတ်တမ်းများအရ ကြံ့ကြီး Fausta သည် ကမ္ဘာပေါ်ရှိ အခြားသော ကြံ့အားလုံးထက် အသက်ပိုရှည်စွာ နေထိုင်ခဲ့သည်ဟု ယုံကြည်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly