မန်စီးတီးအတွက် ‘လီဗာပူးလ်ရဲ့ အားသာချက်က ကြီးမားလွန်းတယ်။’ - ချန်ပီယံဆုကို လက်လျော့လိုက်တဲ့ ပက်ဂွာဒီယိုလာ

မန်စီးတီးအတွက် ‘လီဗာပူးလ်ရဲ့ အားသာချက်က ကြီးမားလွန်းတယ်။’ - ချန်ပီယံဆုကို လက်လျော့လိုက်တဲ့ ပက်ဂွာဒီယိုလာ
Photos: EPA

လက်ရှိချန်ပီယံအသင်းဟာ သောကြာနေ့က ဝုဗ်စ်အသင်းကို (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲဟာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ်မှာ ဇယားဦးဆောင်သူ လီဗာပူးလ်အသင်းရဲ့ နောက် (၁၄)မှတ်၊ လက်စတာစီးတီးရဲ့ အောက် (၁)မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။

ချန်ပီယံလုပွဲ ပြီးဆုံးပြီလားလို့ မေမြန်းရာမှာတော့ ဂွာဒီယိုလာက "ဟုတ်ပါတယ်။ အမှတ်ကွာဟချက်အားသာချက်က အရမ်းကြီးမားလွန်းပါတယ်။"လို့ BBC Radio 5 Live ကို ပြောကြားခဲ့ပါတယ်။

စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် (၅)ပွဲ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီတစ်ခုလုံးကထက် ရှုံးပွဲ (၁)ပွဲပိုခဲ့ပါတယ်။

သူတို့ဟာ ဒီရာသီ ရမှတ် (၂)မှတ်သာ လေလွင့်ခဲ့တဲ့ လီဗာပူးလ်အသင်းထက် (၁)ပွဲပိုကစားထားပါတယ်။

"လီဗာပူးလ်နဲ့ ပတ်သက်လို့ စဉ်းစားတာဟာ လက်တွေ့မကျပါဘူး။ ကျနော်တို့ လက်စတာအကြောင်းကိုသာ တွေးတောပါတယ်။"လို့ ဂွာဒီယိုလာက ဆက်ပြောပါတယ်။ "ကျနော်တို့ဟာ ဒုတိယနေရာကို ပြန်ရယူဖို့ အခွင့်အရေးရှိပါတယ်။ ကျနော့်အသင်းရဲ့ အရည်အသွေးကို ကျနော် သိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေက ဒီလိုပါပဲ။"

တောင်ပံကစားသမား ဘာနန်ဒို ဆေးလ်ဗားကလည်း "ဒါဟာ ကျနော့်တို့အတွက် ဆိုးဝါးလွန်းတဲ့ အခြေအနေပါ။ စိတ်ပျက်စရာ ပထမရာသီဝက်ပေါ့။ လီဗာပူးလ်အသင်းနဲ့ အခုလိုရမှတ်မျိုးလောက် ကွာဟနေမယ်လို့ ကျနော်တို့ကို ဘယ်သူမှ မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး။"လို့ ပြောပါတယ်။

"အခုတော့ ကျနော်တို့ ဆက်လုပ်ရဦးမှာပါ။ ချန်ပီယံဆု ဆွတ်ခူးဖို့ အရမ်းခက်ခဲသွားပြီဆိုတာ ကျနော်တို့ နားလည်ထားပါတယ်။ မဖြစ်နိုင်ဘူးလို့ ကျနော် ပြောနေတာမဟုတ်ပေမယ့် အရမ်းခက်ခဲပါတယ်။"

စီးတီးက ပြည်တွင်းဖလားတွေကို ဦးစားပေးနိုင်သလား?

မန်ချက်စတာစီးတီးအသင်းဟာ သြဂုတ်လက ကွန်မြူးနတီးဒိုင်းလုပွဲမှာ လီဗာပူးလ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရပြီး ဒီရာသီမှာ ဖလားတစ်လုံးကို ရယူခဲ့ပြီးဖြစ်ပါတယ်။

သူတို့ဟာ ပြည်တွင်းဖလားပြိုင်ပွဲ နှစ်ရပ်လုံးမှာ ယှဉ်ပြိုင်ဆဲဖြစ်ပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

သူတို့ဟာ ဇန်နဝါရီ ၇ ရက်နေ့မှာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ မတွေ့ဆုံခင် ဇန်နဝါရီ ၄ ရက်နေ့မှာ လိဂ်တူးကလပ် ပို့ဒ်ဗယ်လီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာက စီးတီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် သေချာအောင်လုပ်ဆောင်မှာမို့ ဒီပြည်တွင်းဖလားတွေကို ဦးစားပေးမှာ မဟုတ်ဘူးလို့ အခိုင်အမာဆိုပါတယ်။

"ကျနော်တို့ဟာ ဦးစားပေးနိုင်မဟုတ်ဘူး။ ဒါမှမဟုတ် ကျနော်တို့ လာမယ့်ရာသီ ဥရောပပြိုင်ပွဲမှာ ရှိနေမှာမဟုတ်ပါဘူး။"လို့ ဂွာဒီယိုလာက ပြောပါတယ်။ "ကျနော်တို့ဟာ နာရီ(၄၀)လောက်အတွင်းမှာပဲ နောက်တစ်ပွဲ [ရှက်ဖီးယူနိုက်တက်]ပြန် ကစားရပါမယ်။ ကစားသမားတွေဘယ်လိုခံစားရလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဒါက ကျနော်တို့ လုပ်ဆောင်ရမယ့် အရာပါပဲ။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly