အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပါတီခေါင်းဆောင်ရွေးကောက်ပွဲတွင် အနိုင်ရ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပါတီခေါင်းဆောင်ရွေးကောက်ပွဲတွင် အနိုင်ရ

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၇။       ။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုသည် ဒီဇင်ဘာ ၂၆ ရက်က  ကျင်းပသည့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဂစ်ဒီယန်ဆားကို အနိုင်ရရှိခဲ့ပြီး လာမည့်မတ်လတွင် ကျင်းပမည့် အထွေအထွေ ရွေးကောက်ပွဲ၌ ၎င်း၏ လက်ယာယိမ်း Likud ပါတီခေါင်းဆောင်အနေဖြင့် ယှဉ်ပြိုင်သွားရန် သေချာသွားပြီဖြစ်သည်။

နိုင်ငံတစ်ဝန်းလုံးမှ မဲပေးပိုင်ခွင့်ရှိသည့် Likud ပါတီဝင်များ၏ ၅၀ ရာခိုင်နှုန်းနီးပါးက ပါတီခေါင်းဆောင် နေရာအတွက် မဲပေးခဲ့ကြခြင်းဖြစ်သည်။  Likud ပါတီ၏ မဲကြေညာချက်အရ အစ္စရေး၏သက်တမ်းအရှည်ဆုံး ဝန် ကြီးချုပ်ဖြစ်သည့် နေတန်ယာဟု က မဲ ၇၂ ဒသမ ၅ ရာခိုင်နှုန်း၊ ပြိုင်ဘက် ဂစ်ဒီယန်ဆား က ၂၇ ဒသမ ၅ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ပြီး အကျင့်ပျက်ခြစားမှုများဖြင့် စွပ်စွဲခံထားရသည့်ကြားမှ နေတန်ယာဟု အနိုင်  ရရှိခဲ့ ခြင်းဖြစ်သည်။

“ကြီးမားတဲ့အောင်မြင်မှုပါပဲ။ ကျွန်တော့်ကိုမေတ္တာတွေနဲ့ ယုံကြည်ထောက်ခံပေးတဲ့အတွက် Likud ပါတီကို ကျေးဇူးအများကြီးတင်ပါတယ်။ ဘုရားသခင်နဲ့ ခင်ဗျားတို့ရဲ့အကူအညီနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ Likud ပါတီကို အောင်မြင်မှုရအောင် ဦးဆောင်သွားမှာပါ။ အစ္စရေးနိုင်ငံကိုလည်း မကြုံစဖူးတဲ့ အောင်မြင်မှုတွေရအောင် ဆက်လက်ဦးဆောင်သွားမှာပါ” ဟု နေတန်ယာဟုက တွစ်တာတွင်ရေးသားခဲ့သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သည့် နေတန်ယာဟုသည်  အကျင့်ပျက်ခြစားမှု၊ ကတိဖောက်ဖျက်မှုများဖြင့် နိုင်ငံတော်ရှေ့နေချုပ်၏ တရားစွဲဆိုခြင်းကိုခံထားရပြီး ထိုစွပ်စွဲမှုများအားလုံးကို ငြင်းဆိုထားသည်။

နေတန်ယာဟုသည် နိုင်ငံအတွင်း ဒေသအနှံ့အပြား၌  မဲဆွယ်ပွဲပေါင်းများစွာပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်ကလည်း မဲဆွယ်ပွဲအတွင်း ဂါဇာဘက်မှ ဒုံးလက်နက်ပစ်ခတ်မှုကို ကြုံခဲ့ရသေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly