ဝီဂါများအပေါ် ဖိနှိပ်မှုများကြောင့် တရုတ်ကုန်ပစ္စည်းများကို မွတ်စလင်နိုင်ငံများက သပိတ်မှောက်ရန် ဆော်ဩ

ဝီဂါများအပေါ် ဖိနှိပ်မှုများကြောင့် တရုတ်ကုန်ပစ္စည်းများကို မွတ်စလင်နိုင်ငံများက သပိတ်မှောက်ရန် ဆော်ဩ

တိုင်းရင်းသား ဝီဂါမွတ်စလင်များကို ဖိနှိပ်မှုများကြောင့် မွတ်စလင်နိုင်ငံများအနေဖြင့် တရုတ်ကုန်ပစ္စည်းများအပေါ် သပိတ်မှောက်သင့်ကြောင်း အထင်ကရ မလေးရှားတရားဟောဆရာတစ်ဦးက တိုက်တွန်းဆော်ဩသည်။

တရုတ်နိုင်ငံ ရှင့်ကျန်းပြည်နယ်တွင် ဝီဂါတိုင်းရင်းသား တစ်သန်းကျော်ထက်မနည်းကို ၎င်းတို့ ဆန္ဒမပါဘဲ ထိန်းသိမ်းထားခြင်းအား အဆုံးသတ်ရန် မလေးရှားနိုင်ငံ ပါလီပြည်နယ်မှ ထိပ်တန်းအစ္စလာမ္မစ်ပညာရှင် မွတ်အစရီဘင်ဇိုင်နောအဘီဒင်က တိုက်တွန်းသည်။

တရုတ်နိုင်ငံက ၎င်း၏ အနောက်ဖျားပိုင်း ရှင့်ကျန်းပြည်နယ်ရှိ ဝီဂါတိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးအလွဲသုံးစား ပြုကျင့်မှုများ၊ ဖိစီးနှိပ်ကွပ်မှုများအတွက် မွတ်စလင်ကမ္ဘာ့မှ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် စီးပွားရေးနှင့် သံတမန်ရေး ဖိအားများ ပိုမိုပေးသွားသင့်သည်ဟု အဘီဒင်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် သပိတ်မှောက်သွားဖို့ လိုအပ်နေပြီ။ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ ဝယ်လိုအား ဘယ်လောက်တောင် ရှိထားသလဲဆိုတာ သိနေတာပဲ ဖြစ်တယ်။”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပသော မွတ်စလင်အများစုနိုင်ငံများ ထိပ်သီးအစည်းအဝေးပြင်ပန်း၌ အဘီဒင်က အယ်လ်ဂျာဇီးယားသတင်းဌာနအား ပြောသည်။

“ဝီဂါအရေးပြဿနာကို ဖြေရှင်းဖို့ မွတ်စလင်နိုင်ငံတွေအနေနဲ့ ဒီ ဆုံးဖြတ်ချက်ကို အထူးလိုက်နာဖော်ဆောင်သွားသင့်တယ်။”ဟု အဘီဒင်က ဆိုသည်။ အဘီဒင်သည် ယင်းအစည်းအဝေး အစောပိုင်း၌လည်း မွတ်စလင် နှစ်ဘီလီယံနီးပါးအနေဖြင့် မိမိတို့၏ စီးပွားရေးခွန်အားကို အသုံးချပြီး ကမ္ဘာ့မူဝါဒရေးရာတွင် ဩဇာဖြန့်သင့်သည်ဟု ပြောထားသည်။

ရှင့်ကျန်းပြည်နယ်၌ ဝီဂါမွတ်စလင် တစ်သန်းကျော်ထက်မနည်းကို စင်တာများ၌ ထိန်းသိမ်းထားရှိထားသည်ဟု ဆိုကာ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အုပ်စုများက ပြစ်တင်ဝေဖန်လျက် ရှိသော်လည်း တရုတ်နိုင်ငံက အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးအတွက် ပညာပေးရေးစင်တာများသာ ဖြစ်ကြောင်း ငြင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly