ခရစ္စမတ်အကြိုနေ့၌ ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်၍ သွားရေးလာရေးများ အမျှင်ပြတ်

ခရစ္စမတ်အကြိုနေ့၌ ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်၍ သွားရေးလာရေးများ အမျှင်ပြတ်

ဒီဇင်ဘာ ၂၄ ။        ။ ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်အကြိုနေ့ဖြစ်သော ဒီဇင်ဘာ ၂၄ ရက်၌ တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ လေတိုက်နှုန်းရှိသော တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သဖြင့် လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ကားဂိတ်များတွင် ခရီးစဉ်များ ဖျက်သိမ်းရကာ ခရစ္စမတ်အကြို ခရီးသွားသူ ထောင်သောင်းများစွာ သောင်တင်လျက် ရှိသည်။

ဒေသအခေါ် အော်ဆူလာဆိုသည့် တိုင်ဖုန်းမုန်တိုင်း ဖန်ဖုံသည် မုန်တိုင်းပြင်းအား  အဆင့်ငါး ရှိရာ၌ အဆင့်သုံးရှိသော အားပြင်းမုန်တိုင်းဖြစ်ခြင်းကြောင့် မိုးကြီးမှု၊ ရေလွှမ်းမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာန PAGASA က ထုတ်ပြန်သည်။

ဒီနာဂတ်၊ ဆီအာဂါအို၊ ဗီဆာယက်စ်နှင့် နီဂရို့စသော ကျွန်းများသည် တစ်နာရီ လေတိုက်နှုန်း ၁၂၀ ကီလိုမီတာဖြင့် ဒေသစံတော်ချိန် ၄ နာရီ ၄၅ မိနစ်က ကုန်းတွင်းပိုင်း စတင်ဝင်ရောက်သော ယခု တိုင်ဖုန်းမုန်တိုင်း၏ ဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။

“ရေကြီးမှုများ၊ မိုးသည်းထန်၍ မြေပြိုခြင်းများ၏ ဘေးဒဏ်က လျော့ပါးအောင် အဆိုပါ ဒေသများမှ ဒေသခံများအား သင့်တော်သော ပြင်ဆင်မှုများ ကြိုတင် လုပ်ဆောင်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း။” PAGASA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရစ္စမတ်ကာလသည် ဖိလစ်ပိုင်နိုင်ငံတွင် တစ်နှစ်တာ အစည်ကားဆုံးအချိန်အနက် အပါအဝင်ဖြစ်သည်။ ကျွန်းစုပေါင်း  ခုနစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားသော ဖိလစ်ပိုင်ကျွန်းစုနိုင်ငံသည် အများစုမှာ ကက်သလစ်ဘာသာဝင်များ ဖြစ်ကြသည်။

နိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း တိုင်ဖုန်းနှင့် အပူပိုင်းမုန်တိုင်းများကြောင့် သေဆုံးသူပေါင်း ၅၀ ထက်မနည်း ရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly