ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး အတွက် အမှန်တရားတောင်းဆိုမှုကော်မတီဖွဲ့စည်း

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး အတွက် အမှန်တရားတောင်းဆိုမှုကော်မတီဖွဲ့စည်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၂။            ။ ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေးအတွက်  အမှန်တရားတောင်းဆိုမှုကော်မတီ( Committee for Demanding Justice for Victoria)ကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

အဆိုပါကော်မတီကို ဒီဇင်ဘာလ ၂၂ရက်က စတင်ဖွဲ့စည်းခဲ့ပြီး တရားစွဲဆိုရေး အပါအဝင် အထက်ပါကိစ္စအဝဝအတွက် ရှေ့ထွက်ဆောင်ရွက်ရန် ဦးထင်လင်းဦးအား တာဝန်ပေးထားပြီး ကော်မတီ၏ ရုံးပိုင်းဆိုင်ရာကိစ္စများ ၊ ဘဏ္ဍာရေးကဏ္ဍများကိုဆောင်ရွက်ရန် ဦးစိုင်းသက်နိုင်ထွေး ၊ ဦးသန်းထွန်းဦး ၊ ဦးသက်နောင်ဟိန်း နှင့်  ဦးအောင်ချမ်းထက် တို့ကိုတာဝန် ပေးအပ်ထားကြောင်းသိရသည်။

“ မိသားစုနဲ့ သုံးကြိမ်တွေ့တယ်။ အကုန်လုံးတိုင်ပင်တယ်။ သူတို့ဖြစ်စေချင်တဲ့အပိုင်း တို့ဘက်က ကူညီရမယ့်အပိုင်းတွေ အားလုံးကို အသေးစိတ်ဆွေးနွေးပြီတော့ ဒီလိုဖွဲ့စည်းလိုက်တာ။ အခုလုပ်ဆောင်မယ့် ကိစ္စမှာတော့ ကလေးရဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက် လွှတ်တော်ကိုလည်းတင်ပြစာတွေပို့မယ်။ လွှတ်တော်နှစ် ရပ်လုံးကိုပေါ့။  အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကိုပို့မယ်။ နိုင်ငံတော်အကြီးအကဲတွေဆီကို လည်းပို့မယ်။ ဒီအမှုကိုပြန်ပြီးတော့ သုံးသပ်စိစစ်ပေးဖို့ တင်တာတွေလုပ်မယ်။ လောလောဆယ်တော့ ဒီလောက်ထိပဲဆွေးနွေးတိုင်ပင်ရသေးတယ်” ဟုဦးထင်လင်းဦးကပြောသည်။

ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီ( Committee for Demanding Justice for Victoria)ကို ရှေ့နေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အငြိမ်းစားဝန်ထမ်းများ၊ နည်းပညာကျွမ်းကျင်သူများ ပါဝင်ပြီး ကော်မတီစတင်ဖွဲ့ စည်းသည့် ဒီဇင်ဘာလ ၂၂ရက်တွင် ကော်မတီအဖွဲ့ဝင် ၇၀ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးကာတရားရုံးတော်သို့ ကျူးလွန်သူအဖြစ် ကိုအောင်ကြီးတရားစွဲခဲ့သော်လည်း နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးက တရားလိုပြသက်သေ ၁၉ ဦးစစ်ဆေးပြီးချိန်တွင် ခိုင်လုံသည့် သက်သေမပေါ်ပေါက်ခဲ့သည့်အတွက် တရားရှင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ကိုအောင်ကြီး၏ ရှေ့နေတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်မည်ဟု  ဒီဇင်ဘာ၂၁ရက်နေ့က မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေ များအသင်း နေပြည်တော်၏ သင်းလုံးကျွတ်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယခုအချိန်သည် နိုင်ငံအတွက် အလွန်အရေးကြီးသည့် အချိန်ဖြစ်သည့်အတွက် သမီးလေးကိစ္စကို အကြောင်းပြကာ နိုင်ငံသားတို့ကိုလမ်းပေါ် ထွက်လာအောင် လှုံ့ဆော်မှုများရှိလာနိုင်ကြောင်းနှင့် မလိုလားအပ်သည့် ပြဿနာ များ ၊ ပဋိပက္ခများကို ဖန်တီးလိုသူတို့၏ လှည့်ကွက်များ ထောင်ချောက်များထဲသို့ မဝင်မိကြရန် ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီသတိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly