အခြေခံကျောင်းများ မတ်လအထိ ကျောင်းတက်ရမည်ကိုဆရာ၊ ဆရာမများအဖွဲ့ချုပ် ကန့်ကွက်

အခြေခံကျောင်းများ မတ်လအထိ ကျောင်းတက်ရမည်ကိုဆရာ၊ ဆရာမများအဖွဲ့ချုပ် ကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂။         ။ အခြေခံပညာကျောင်းများ မတ်လကုန်အထိကျောင်းတက်ရမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၂၂ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသည့် ရာသီဥတုအခြေအနေအရ အခြေခံပညာကျောင်းများတွင် (အထူးသဖြင့်ကျေးလက်ဒေသမှ) ကလေးသူငယ်အရွယ် ကျောင်းသူကျောင်းသားများနှင့် အသက်ကြီးရင့်သော ဆရာကြီး၊ ဆရာမကြီးများအတွက် မလိုလားအပ်သော ကျန်းမာရေးအန္တရာယ်များ ရင်ဆိုင်ရဖွယ်ရှိခြင်း၊ အများစုသော ကျောင်းသားကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် မိဘများကိုကူညီကာအပိုဝင်ငွေ ရှာဖွေနေ ကြသည် ဖြစ်ရာ သင့်တင့်သော ကျောင်းပိတ်ရက် မရရှိပါကမလိုလားအပ်သော ကျောင်းထွက်မှု (drop out) များ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ မတ်လကုန်အထိတက်ရမှာပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးမှ အခြေခံကျောင်းတွေရဲ့ ကျောင်းစစ်တွေကစစ်မယ်။ လေးတန်းတွေ ရှစ်တန်းတွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေနဲ့ ဘယ်လိုချိန်ရမလဲဆိုတာလုပ်ငန်း ကိုတော့ ပြန်လည်ညှိနှိုင်းရမှာပေါ့။ ကလေးတွေကို စာမေးပွဲစစ်ဆေးတဲ့ ဘာသာရပ်တွေမဟုတ်ဘဲနဲ့ အခြားဘာသာရပ်တွေ သင်ပေးဖို့ စဉ်းစားထားပါတယ်”  ဟု အခြေခံပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း ကပြောသည်။

ပညာရေးစိတ်ပညာရှင်များ၏ လေ့လာချက်များအရတစ်နှစ်ပတ်လုံး စာသင်ရသော ကလေးများ၏ ဦးနှောက်ကို လုံလောက်စွာအနားပေးရန် လိုအပ်ပြီး မတ်လကုန်ထိ ကျောင်းတက်ရပါက နားနေချိန် လျော့နည်းသွား စေနိုင် ပြီး စာသင်ချိန် လအနည်းငယ် ထပ်တိုးရုံဖြင့် ကျောင်းသားကျောင်းသူများ၏ ပညာရည်ပိုမိုတိုးတက်မည်ကို တထစ်ချသတ်မှတ်၍ ခက်ခဲနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်းအဖွဲ့ချုပ်ကသုံးသပ်ထားသည်။

“ခုအချိန်ထိတော့ မတ်လအထိတက်ရမယ် မတက်ရမယ် ကို ဘာမှမပြောသေးဘူး။ မတ်လအထိကျောင်းတက်ရမယ်ဆိုရင်တော့ အဓိကကတော့ ရာသီဥတုပူတဲ့အတွက် ကလေးတွေ နေထိုင်မကေင်းမှာတော့ စိုးရိမ်တယ်။ ဒါပေမယ့်လည်းတက်ရမယ်ဆိုရင်လည်းတက်ရမှာပေါ့” ဟုဗိုလ်တထောင်မြို့နယ်နေကျောင်းသားမိဘတစ်ဦဖြစ်သည့် ဒေါ်ချိုချို ကပြောသည်။

ဆရာဆရာမများအနေဖြင့် မတ်လအတွင်းတွင် အခြားအတန်းအသီးသီး၌ သင်ကြားရေးတာဝန်များ ထမ်းဆောင်နေစဉ် စတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပရန်အတွက် စာမေးပွဲခန်း ပြင် ဆင်ခြင်း၊ ကြီးကြပ်ခြင်း၊ အဖြေလွှာပြင်ဆင်ခြင်း၊အောင်စာရင်း ပြုစုခြင်းနှင့် ဧပြီလအတွင်း သင်ရိုးသစ် အတွက် သင်တန်းများတက်ရောက်ရမည်ဖြစ်သဖြင့် ဆရာဆရာများအတွက် ဝန်ပိစေခြင်းသို့မဟုတ် ဆရာဆရာမ မလုံ  လောက်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ပညာရေးဝန်ကြီးဌာနအခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်းမီဒီယာအချို့တွင် အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးမှာသာ ကျင်းပသွားမည် ဟုဖြေကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required