ပြင်ဦးလွင်မြို့နယ်ရှိ တရားမဝင် သံကျောက်မြေ တူးဖော်မှုများကို ထိရောက်စွာ အရေးယူတော့မည်ဟုဆို

ပြင်ဦးလွင်မြို့နယ်ရှိ တရားမဝင် သံကျောက်မြေ တူးဖော်မှုများကို ထိရောက်စွာ အရေးယူတော့မည်ဟုဆို
(ဓာတ်ပုံ- အောင်ကိုဦး/မဇ္ဈိမ)

ပြင်ဦးလွင်(ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘော်ကျေးရွာအုပ်စုနှင့် ရွှေသင်းကျေးရွာအုပ်စုတို့တွင် တရားမဝင် သံကျောက်မြေများ တူးဖော်နေမှုအပေါ် ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်အမတ် ဦးအောင်မင်းက ပြောကြားသည်။

သံကျောက်မြေများ တူဖော်သယ်ယူနေမှုကြောင့် အထက်ပါ ကျေးရွာအုပ်စုအတွင်းရှိ အင်းယားကျေးရွာ၊ ကျားတွင်းရေကျေးရွာ၊ ရွှေသင်းကျေးရွာ၊ ဘော်ကျေးရွာနှင့် ပင်စည်ကျေးရွာ စသည်တို့မှ နှစ်ရှည်သီးပင်များ၊ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးနေသည့်အတွက် အမြန်ဆုံး တားဆီးအရေးယူပေးရန် ဒေသခံများက လိုလားနေကြခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများအနီးတွင် သံကျောက်မြေ တူးဖောက်နေသည့် လုပ်ကွက်ပေါင်း တစ်ဆယ့်ငါးခုခန့် ရှိနေသည်ဟု ဒေသခံများက ပြောဆိုကြပြီး ၎င်းတို့အနက် လုပ်ကွက် တစ်ခုသာ တရားဝင် ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် ဦးအောင်မင်းက ပြောသည်။

“ထိထိရောက်ရောက် အရေးယူပါမယ်လို့ ဆုံးဖြတ်ထားတယ်။ တရားဝင် တင်ထားတာတော့ ငါးခုလောက် ရှိတယ်။ တင်ထားတဲ့သူတွေက လုံးဝ မလုပ်ဘူး။ တရားဝင် လုပ်နေတာတော့ တစ်ခုတည်း ရှိတယ်။ ကျန်တဲ့သူတွေကတော့ ခိုးလုပ်တာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ တရားဝင် သံကျော်မြေ တူးဖော်နေမှုများအပေါ် ကွင်းဆင်းစစ်ဆေးကာ သတ္တုတွင်းဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ သစ်တောဥပဒေတို့ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

နေ့စဉ် ယာဉ်အစီးရေ တစ်ရာကျော်ဖြင့် တူးဖော်နေသည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုပြီး ရရှိလာသည့် သံကျောက်မြေများကိုမူ ကျောက်ဆည်မြို့နယ်ရှိ ဘိလပ်မြေစက်ရုံများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။

“ကျွန်းစိုက်ခင်းက ငါးနှစ်သား ယူကလစ်ပင် ခုနှစ်ပင် ပျက်စီးသွားတယ်။ လမ်းတွေက သွားဖို့ ခက်လောက်အောင် ပျက်စီးသွားပြီ။ အရေးယူပေးဖို့၊ နစ်နာကြေးပေးဖို့ ညှိနှိုင်းတာလည်း မရှိဘူး” ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်နိုင်က ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်ထွန်းကလည်း “ဒေသမှာ သယံဇာတထုတ်ရင် ဒေသမှာ အကျိုးခံစားခွင့် ရှိရမယ်။ ဒါပေမယ့် ဘာအကျိုးခံစားခွင့်မှ မရဘူး။ ကျေးရွာချင်းဆက်လမ်းတွေကို ပြန်ပြုပြင်ပေးစေချင်တယ်” ဟု ဆိုသည်။

အဆိုပါ သံကျောက်မြေ တူးဖော်မှုကို ၂၀၁၆ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့ထံ အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းပေးခြင်း မရှိဟုလည်း ဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ကျေးရွာများအနီးတွင် သံကျောက်မြေ တူးဖော်နေသည့် လုပ်ကွက်တစ်ခုကို မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် လုပ်ငန်းများကို ဒီဇင်ဘာလ ၂၀ရက်နေ့ကတည်းက ရပ်နားထားကြောင်းနှင့် တာဝန်ခံ မရှိသေးကြောင်း လုပ်ကွက်ကြီးကြပ်သူတစ်ဦးက ဖြေကြားသည်။

ဒေသခံအချို့ကမူ အစိုးရအနေဖြင့် အမြန်ဆုံး ထိထိရောက်ရောက် ဖြေရှင်းမပေးပါက သံကျောက်မြေသယ်ယူသည့်ယာဉ်များကို ဖြတ်သန်းခွင့် တားဆီးမည်ဖြစ်သူလို လုပ်ကွက်များအတွင်းပါ ဝင်ရောက် တားဆီးမှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required