ဒီဇင်ဘာ ၂၀ ရက်။ ။ တတိယ အကြိမ်မြောက် ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်ကို လာမည့် ဒီဇင်ဘာ ၂၃ ရက် မှ ၂၅ ရက်အထိ သုံး ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး လူမျိုးမရွေး ၊ ဘာသာမရွေး ပါဝင်နိုင်သည့် ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်နေကြောင်း ရန်ကုန်မြိုပြ ခရစ်စမတ် ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံက သိရသည်။
အဆိုပါပွဲတော် ကျင်းအမည့် အစီအစဉ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ ဒီနှစ်တော့ တတိယအကြိမ်မြောက်ကျင်းပတော့ ကြိုတင်ပြင်ဆင်မှု အားကောင်းလာတယ်။ အသင်းတော်အသီးသီးကလည်း ပူးပေါင်းဆောင်ရွက်လာတဲ့အတွက် အစီအစဉ်ကောင်းများစွာ ပြည်သူ့များကို တင်ဆက်နိုင်အောင် ပြင်ဆင်ထားပါတယ်။ ပထမအကြိမ်ကတုန်းကတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်သလို ဒီတစ်ကြိမ်လည်း သူတို့ရဲ့ အကြံဉာဏ်တွေ နဲ့ ပိုမိုစည်ကားလာနိုင်အောင် ကျွန်တော်တို့ကို အားပေးမှု ရှိပါတယ်” ဟု ပွဲတော်ဖြစ် မြောက်ရေးကော်မတီ ၊ ဒု ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဦးတိုးတိုးက ပြောသည်။
အခုလာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကျင်းပမည့် ရန်ကုန်မြို့ပြခရစ်စမတ်ပွဲတော်ကို ရွှေတိဂုံ ဘုရားလမ်း နှင့် သိမ်ဖြူလမ်းကြား ၊ ဧမာနွေလ ဘုရားကျောင်း ( မဟာဗန္ဓုလပန်းခြံ ) ၊သခင်မြပန်းခြံ နှင့် အင်းစိန်မြို့ နယ်ရှိ စော်ဘွားကြီးကုန်းပန်းခြံ တို့တွင် ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ပွဲတော် ကျင်းပသော ပထမရက်မှ လာရောက်ဆင်နွှဲကြမယ် ပြည်သူများအတွက် မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးရန် ပြင်ဆင်ထားပြီး ပွဲတော် ဒုတိယနေ့တွင် ခေါက်ဆွဲပြုတ် ၊ တတိယနေ့တွင် ကချင် ဆန်ပြုတ် တို့ကို ကျွေးမွေးသွားရန် စီစဉ်ထားကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ထူးခြားမှုတင်ဆက်မှုကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေမှ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံလမ်းထောင့်မှ ရှိတဲ့စင်မြင့်မှာ ရှိတဲ့ ဖွင့်ပွဲကို စတင်ပြုလုပ်သွားမှာဖြစ်တယ်။ ဝန်ကြီးချုပ် နဲ့ မြို့တော်ဝန်ကို ဖိတ်ကြားထားတယ်။ ပြီးရင် စင်မြင့်ဘေးမှ မုန့်ဟင်းခါး စတုဒီသာ ကျွေးမွေးမယ်။ ဒုတိယနေ့ ခေါက်ဆွဲပြုတ် ၊ တတိယနေ့ကျတော့ ကချင်ဆန်ပြုတ် စတုဒီသာကျွေးဖို့ ပြင်ဆင်ထားပါတယ် “ ဟု ပွဲတော်ဖြစ်မြောက်ေရးကော်မတီ ၊ ဒု ဥက္ကဋ္ဌ သိက္ခာ ာတော်ရ ဆရာတော် ဦးတိုးတိုးက ပြောသည်။
ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဗိုလ်အောင်ကျော်လမ်း နှင့် ဗိုလ်ချုပ်လမ်းရှိ စိန်မေရီကာသီဒြယ် ဘုရားကျောင်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ညနေ ၆ နာရီ မှ ည ၁၀နာရီ အထိ စတုဒီသာကျွေးမွေးခြင်း နှင့်အတူ အဆိုတော် အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေခြင်း ၊ ခရစ်စမတ်ဂုဏ်တော်ချီးမွမ်းခြင်းများ ပါဝင်ကာ တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်သည်။
ပွဲတော် ပိတ်ပွဲအခမ်းအနားကို နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူ အပါအဝင် ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အစိုးရတာဝန်ရှိသူများ တက်ရောက်မည်ဟု သိရသည်။