လှည်းတန်းဂုန်းတံတားအောက်ရှိ စကိတ်ကွင်းကို စည်ပင်မှ ရွှေ့ပြောင်းခိုင်းမှုအပေါ် ပြန်လည်ညှိုနှိုင်းပေးရန် တောင်းဆို

လှည်းတန်းဂုန်းတံတားအောက်ရှိ စကိတ်ကွင်းကို စည်ပင်မှ ရွှေ့ပြောင်းခိုင်းမှုအပေါ် ပြန်လည်ညှိုနှိုင်းပေးရန် တောင်းဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈။         ။ လှည်းတန်းဂုန်းတံတားအောက်ရှိ စကိတ်ကွင်းကို စည်ပင်မှ ရွှေ့ပြောင်းခိုင်းမှုအပေါ်  ပြန်လည်ညှိုနှိုင်းဆောင်ရွက်ပေးရန် စကိတ်ကွင်းကို အဓိကအားထားကစားနေကြသော ကစားသမားများ က တောင်းဆိုလိုက်သည်။

လှည်းတန်းဂုန်းတံတားအောက်စကိတ်ကွင်းကို နာနတ်တောလမ်း ဂုန်းတံတားအောက်သို့ ပြောင်းရွှေ့ရန် စည်ပင်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လာရောက်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ရန်အဆင်မပြေကြောင်း စကိတ် ကွင်းတာဝန်ခံ ကိုထက်ထူးလျှံက ပြောသည်။

“နာနတ်တောတံတားအောက်မှာတော့ လမ်းအနေအထားအရ စီးဖို့အဆင်မပြေပါဘူး။ ဒီကွင်းသာ တကယ်လို့ မရှိတော့ဘူးဆိုရင် လှည်းတန်းက အိမ်ခြေရာမဲ့ ကလေးတွေပေါ့ သူတို့တွေကို ဒီမှာ စကိတ်စီးသင်ပေးရင်း စိတ် ဓာတ်မပျက်ပြားသွားအောင်လို့ ဒီမှာ ထိန်းသိမ်းထားပေးတာ။ ဒီကလေးတွေအနာဂတ်နဲ့ ဒီအားကစားဆက်လက်တိုးတက်ဖို့ အခက်အခဲရှိပါတယ်။ အခုက တိုးတက်ဖို့ လမ်းခုလတ်ရောက်နေပြီ။

နိုင်ငံတကာအဆင်မီနည်းစနစ်တွေ သွားသင်ယူခဲ့ပြီး ဒီနေရာမှာ ပြန်မျှဝေနေတယ်။ ထပ်ပြီး လေ့ကျင့်ပေးနေဆဲ ကာလဖြစ်တယ်။ အတန်အသင့်လည်း ဆုတံဆိပ်တွေ ဆွတ်ခဲ့ပြီးပြီ။ ဒီနေရာကနေပဲ ကျွန်တော်တို့ ဆုတံဆိပ်တွေ ယူခဲ့ကြတာ” ဟု ၎င်းက ပြောသည်။

အဆိုပါစကိတ်ကွင်းမှ ကစားသမားများက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သတင်းစာရှင်းလင်းမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး ပြောခဲ့ခြင်းဖြစ်သည်။

အင်းစိန်လမ်းမပေါ်ရှိ လမ်းဘေးစျေးဆိုင်များကို လှည်းတန်းဂုန်းတံတားအောက် ပြည်လမ်းသို့ ရွှေ့ပြောင်းမည်ဖြစ်သောကြောင့် စကိတ်ကွင်းကို ရွှေ့ပြောင်းခိုင်းရခြင်းဖြစ်ေကြာင်း စည်ပင်ထံမှ သိရသည်ဟု ကိုထက်ထူးလျှံက ပြောသည်။

လှည်းတန်းဂုန်းတံတားအောက်တွင် စကိတ်ကွင်းဖြစ်မြောက်ရန် ၂ဝ၁၄ ခုနှစ်လောက်တွင် စတင်ပြင်ဆင်ပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး စကိတ်အားကစားကို အဓိကလေ့ကျင့်ရာနေရာတစ်ခုဖြစ်ခဲ့သည်။

“ထောက်ကြန့်၊ သန်လျင်မှာ ပုဂ္ဂလိကကွင်းတွေ ရှိပေမယ့် သွားရောက်လေ့ကျင့်ဖို့ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ ကွင်းရဖို့တော့ ရှိပါတယ်။ ကျိုက္ကဆံကွင်းကို ရွှေ့ဖို့တော့ရှိတယ်။ ဒါပေမယ့် လောလောဆယ် ကျွန်တော် တို့ကို နေရာချပေးနိုင်ဖို့က အခက်အခဲရှိပါတယ်။ ကျွန်တော်တို့အတွက် သတ်သတ်မှတ်မှတ်နေရာကောင်းကောင်းတစ်ခုရမယ်ဆိုရင် ကျွန်တော်တို့ ဒီနေရာမလိုပါဘူးခင်ဗျ” ဟု ကိုထက်ထူးလျှံက ပြောသည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံ စာတင်သွားမည်ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးမှုတစ်စုံတစ်ရာမရှိပါက စကိတ်ကွင်းကို အဓိကအားထားလေ့ကျင့်နေကြသော စကိတ်နှင့် အခြား Street Sports အားကစားသမားများက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly