ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်လူငယ်များ မွေးထုတ်ရန် MPTနှင့် NLDပညာရေး ကွန်ရက် ပူးပေါင်းလုပ်ဆောင်

ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်လူငယ်များ မွေးထုတ်ရန် MPTနှင့် NLDပညာရေး ကွန်ရက် ပူးပေါင်းလုပ်ဆောင်
ဓာတ်ပုံ - နန့်ခိုင်

ရန်ကုန် ၊ဒီဇင်ဘာ ၁၃။        ။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော လူငယ်များအား အရည်အသွေးပြည့်ဝသော  အသက်မွေးကြောင်း သင်တန်းဆရာများ ဖြစ်လာစေရန် ဆက်သွယ်ရေးအော်ပရေတာ MPT နှင့်  NLD   ပညာရေးကွန်ရက်တို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်အတွက် ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်လူငယ်များ မွေးထုတ်နိုင်ရေး ရည်ရွယ်ပြုလုပ်သော ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း ( ၂၀၁၉ ) ကို ဒီဇင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ ၊ မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

“ ဒါကတော့ ကျွန်တော်တို့က ကျောင်းနေဘာသာရပ်အဖြစ် ထည့်ဖို့ စဉ်းစားနေပါတယ်။ ဘယ်တော့ ဖြစ်မှာဆိုတာတော့ မပြောတက်ဘူး။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာ မရှိဘဲ  ကွန်ပျူတာပညာရပ်ကို သင်ကြား လို့မ ရဘူး။ ကျောင်းတိုင်းမှာ ကွန်ပျူတာ ထားနိုင်ဖို့ ၊ ဒီပညာကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ၊ ဒါတွေ့ ပြည့်စုံဖို့ ဒီပညာရပ်တွေ ကျွန်တော်တို့က သင်ကြားပေးဖို့ ရမှာပါ  “ ဟု  NLD   ပညာရေးကွန်ရက် မှ တာဝန်ရှိသူ ကော်မ တီဝင် ဒေါက်တာမျိုးညွန့်  က  ပြောသည်။

ရှေ့သို့ လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ ဆိုသည့်  ခေါင်းစဉ်ဖြင့်   မြို့ပြနှင့် အလှမ်းဝေးနေသော ဒေသတွင် နေထိုင်သော လူငယ်များအား ပညာရေးနှင့် နည်းပညာပိုင်းများကို  လက်လှမ်းမီစေရန်  ရည်ရွယ်ပြုလုပ်သော အစီ အစဉ်တစ်ခုအဖြစ် ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဒေသအသီးသီးရှိ  ကျောင်းသားပေါင်း ၅၀၀၀ ကျော်ကို  အခြေခံ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှု သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။

“နိုင်ငံတကာမှ အိုင်တီနည်းပညာကို  ဘာသာရပ်တစ်ခုအဖြစ် သင်ကြားနေတယ်။ ကျွန်တော်တို့ တိုင်းပြည် မှာ တချိန်၊ မလွဲမသေ အိုင်တီနည်းပညာ ကို ဘာသာရပ်တစ်ခုအဖြစ် ကျောင်းတွေမှ ပါဝင်လာမှာပါ။ ဒါပေမဲ့ ဒါက အချိန်တစ်ခုတော့ စောင့်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က အခုက ကြိုးစားရုန်းကန်နေတုန်းပဲ။ နောက်ပြီး အိုင်တီနည်းပညာရပ်ကို သင်ကြားဖို့ဆိုရင် ဘတ်ဂျက်တွေက အများကြီးလိုတယ်။

တစ်ချိန်မှာတော့ ဖြစ်ကိုဖြစ်လာမှာပါ ။ မူလတန်းကစပြီး အိုင်တီနည်းပညာကို ကျောင်းမှာ သင်ကြားဖို့က ဖြစ်လာမှာပါ။ ဒါပေမဲ့ အဲ့တာက ကြိုးစားဖို့လိုတယ်။ အချိန်တစ်ခုတော့ စောင့်ဖို့လိုပါတယ်   “ ဟု   NLD   ပညာရေး ကွန်ရက်၏   ညှိနှိုင်းရေးမှူး ဦးအောင်လေးနွယ် က ပြောသည်။

ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သော အဆိုပါ သင်တန်းတွင်  မိုက်ခရိုဆော့ဖ် ကွန်ပျူတာ အယ်ပလီကေးရှင်းနှင့် အဆင့်မြင့် အိုင်တီနည်းပညာကျွမ်းကျင်မှုများကို  အနီးကပ် ၁၀ ရက်တာ သင်ကြားပို့ချပေးခဲ့ပြီး   တိုင်းနှင့် ပြည် နယ် အသီးသီးက သင်တန်းသူ ၊ သင်တန်းသား ၂၅ ဦး  တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly