စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးမှုအတွက် သံသယရှိသူများကို ရမန်ယူစစ်ဆေးနေ

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးမှုအတွက် သံသယရှိသူများကို ရမန်ယူစစ်ဆေးနေ

ရန်ကုန်၊ နိုဝင်ဘာ၂၇ ။             ။ စီးပွားရေးလုပ်ငန်းရှင် ကိုခိုင်ဇော်ဝင်း(ခ) ကိုနေရှိုင်း သေဆုံးမှုနဲ့ပတ်သတ်၍ ယာဉ်မောင်းနှင့် မိတ္ထီလာ မြို့နယ်၊ ညောင်နှစ်ပင်ကျောင်းတိုက်မှ သံဃာတစ်ပါး (ဘွဲ့အမည်မသိရသေး)ကို ပထမရမန်ယူကာ စတင်စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုထိတော့ အသေးစိတ်ကို စစ်နေတုန်းပဲ။ သူတို့ကလည်း မှန်မှန်မပြောဘူး။ တောင်ပြောလိုက် မြောက်ပြောလိုက်ဖြေနေတာ။ သေချာသလောက်တော့ သံသယရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိတိကျကျ မပြောနိုင်သေးဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်မှာ ကိုခိုင်ဇော်ဝင်း (ခ)ကိုနေရှိုင်းသည် ယာဉ်မောင်း ဦးဟန်သိန်း၊မိတ္ထီလာမြို့နယ်မှ သံဃာ တစ်ပါး (ဘွဲ့အမည်မသိရသေး)တို့နှင့်အတူ နိုဝင်ဘာလ ၁၈ရက်နေ့က ကျောက်ပန်းတောင်းမှ တရုတ် နယ်စပ်သို့ ထွက်ခွာခဲ့ပြီး နိုဝင်ဘာ (၁၉)ရက်နေ့ ညနေ(၃)နာရီနောက်ပိုင်းမှစတင်ကာ အဆက် အသွယ် မရတော့သဖြင့် မိသားစုမှ လိုက်လံရှာဖွေခဲ့သည်။

ကိုခိုင်ဇော်ဝင်း (ခ)ကိုနေရှိုင်းသည် လွန်ခဲ့သော တစ်လခန့်က နေပြည်တော် အမြန်လမ်းမဘေးရှိ ညောင်နှစ်ပင်ကျောင်းတိုက်၌ ဘုရားဖူးစဉ် အဆိုပါ သံဃာနှင့် တွေ့ဆုံခဲ့ကြပြီး ဆရာတော်က တရုတ် ပြည်နယ်စပ်တွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဒါယိကာမများနှင့် မိတ်ဆက်ပေးမည်ဟု ဆိုကာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။ အတူပါရှိလာသည့် ယာဉ်မောင်းမှာမူ ခရီးစဉ်အတွက် ယဉ်မောင်းရန် ကိုနေရှိုင်းက သူ့ကို ခေါ်ဆောင် လာကြောင်း ထွက်ဆိုသည်။

အဆိုပါဖြစ်စဉ်မှ သံဃာနှင့်ယာဉ်မောင်းကို မောင်းနှင်သွားသည့် ယဉ်နှင့်အတူ နိုဝင်ဘာလ (၂၄) ရက်နေ့က  ဟိုပန်မြို့တွင် ဖမ်းမိခဲ့ပြီး သံဃာ၏ထွက်ဆိုချက်အတိုင်း ၀ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့နယ်တွင် ကိုခိုင်ဇော်ဝင်း (ခ)ကိုနေရှိုင်း၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly