မြေမြှုပ်မိုင်းကြောင့်သေဆုံးခဲ့သူကိုပြန်ခေါ်ရန် ဂျာမန်သံရုံးတာဝန်ရှိသူများ သီပေါသွားမည်

မြေမြှုပ်မိုင်းကြောင့်သေဆုံးခဲ့သူကိုပြန်ခေါ်ရန် ဂျာမန်သံရုံးတာဝန်ရှိသူများ သီပေါသွားမည်
နယ်စည်းမခြား ပရဟိတအဖွဲ့ သီပေါ / ဓာတ်ပုံ - သျှားထက်ပိုင်(ခ) ကိုမျိုး

ရန်ကုန်၊ နိုဝင်ဘာ ၂၇။      ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး ခဲ့ရသည့် ဂျာမန်နိုင်ငံသား ရုပ်အလောင်းကို ပြန်လည်သယ်ယူရန်အတွက် ဂျာမန်သံရုံးမှ သီပေါသို့လာရောက် မည် ဖြစ်ကြောင်းသိရသည်။

“ လောလောဆယ်သီပေါဆေးရုံ အအေးခန်းမှာပေါ့။ အဲ့အထဲမှာ အအေးခေါင်းနှင့်ထားထားတယ်။ သူ့အဖော်ကတော့ အာဂျင်တီးနားနိုင်ငံသူပေါ့။ သူကတော့ ဘာမှဒဏ်ရာမရဘူး”ဟု သွားရောက်အကူအညီပေးခဲ့သူ နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)မှ ကိုမျိုးက မဇ္ဈိမသို့ ပြောသည်။

နိုင်ငံခြားသား နှစ်ဦးမိုင်းထိခဲ့သည့်နေရာမှာ ပန်မြောင်ရွာနှင့် ကွန်ဟောက်ရွာကြားဖြစ်ပြီး အသက် ၄၀ အရွယ်ခန့် ရှိသော ဂျာမန်နိုင်ငံသားမှာ မိုင်းပေါက်ကွဲသည့် နေရာမှာပင်သေဆုံးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်မှ နှစ်ဦးစလုံးကို သီပေါမြို့ဆေးရုံးသို့ လူနာတင်ကားဖြင့်ပို့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသားနှစ်ဦးသွားရောက်ခဲ့သည့်နေရာသည် ခရီးသွားများသွားရောက်လည်ပတ်ရန် ပိတ်ပင်ထားသည့် နေရာဖြစ်ကြောင်း ကနဦးသတင်းများတွင် သေဆုံးသူမှာ နယ်သာလန်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြကြသော်လည်း အမှန်မှာ ဂျာမန်နိုင်ငံသားဖြစ်ကြောင်း သံရုံးမှ တာဝန်ရှိသူများအနေဖြင့် သီပေါသို့ လာရောက်မည်ဖြစ်ကြောင်း နယ်စည်းမခြားပရဟိတအဖွဲ့မှ သိရသည်။

သီပေါနှင့် ရှမ်းပြည်နယ်ရှိ အချို့ဒေသများသည် ပြည်တွင်းစစ်များကြောင့် မငြိမ်မသက်ဖြစ်နေသဖြင့် ခရီးသွားရန် မသင့်ကြောင်း အမေရိကန်ရှိ မြန်မာနိုင်ငံဆိုင်ရာခရီးသွားအကြံပေးဌာနမှလည်း သတိပေးထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အပြင် နှစ် ၇၀ ကြာပြည်တွင်းစစ်အတွင်း လက်နက်ကိုင်အဖွဲ့အသီးသီးမှ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများစွာမှာလည်း မရှင်းလင်းနိုင်သေးပေ။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် သေဆုံးသူပေါင်း ၄၃၀ ရှိပြီး အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့ပြီးလျှင် စတုတ္ထမြောက်အများဆုံး ဖြစ်သည်ဟုသိရသည်။

၂၀၁၆ ခုနှစ် ဧပြီလကလည်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဂျာမနီ နိုင်ငံသားနှစ်ဦးနှင့် ဧည့်လမ်းညွှန်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြသေးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly