သီပေါမြို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဂျာမနီနိုင်ငံသားတစ်ဦးသေဆုံး

သီပေါမြို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဂျာမနီနိုင်ငံသားတစ်ဦးသေဆုံး
 နယ်စည်းမခြား ပရဟိတအဖွဲ့ သီပေါ / ဓာတ်ပုံ - သျှားထက်ပိုင်(ခ) ကိုမျိုး

နိုဝင်ဘာ ၂၇ ။               ။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဂျာမနီနိုင်ငံသား တစ်ဦး သေဆုံးပြီး အာဂျင်တီးနားသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

နှစ်ဦးစလုံးကို သီပေါမြို့ရှိဆေးရုံသို့ လူနာတင်ကားဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း နယ်စည်းမခြားပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ သေဆုံးသူမှာ အသက် ၄၀ အရွယ်ခန့်ရှိ ဂျာမနီနိုင်ငံသားဖြစ်သည်။ သီပေါနှင့် ရှမ်းပြည်နယ်ရှိ အချို့ဒေသများသည် ပြည်တွင်းစစ်များကြောင့် မငြိမ်မသက်ဖြစ်နေသည့်အတွက် ခရီးသွားရန် မသင့်ကြောင်း အမေရိကန်ရှိ မြန်မာနိုင်ငံဆိုင်ရာခရီးသွားအကြံပေးဌာနမှလည်း သတိပေးထားသည်။

သီပေါဆေးရုံနှင့် သီပေါရဲစခန်းမှလည်း သေဆုံးသူနှင့် ဒဏ်ရာရသူတို့၏ အမည်များအပါအဝင် အခြားအသေးစိတ် အချက်အလက်များကို စုံစမ်းဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် သေဆုံးသူပေါင်း ၄၃၀ ရှိပြီး အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ရီမင်နိုင်ငံတို့ပြီးလျင် စတုတ္ထမြောက်အများဆုံး ဖြစ်သည်ဟုဆိုသည်။

၂၀၁၆ ခုနှစ် ဧပြီလကလည်း ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဂျာမနီနိုင်ငံသားနှစ်ဦးနှင့် ဧည့်လမ်းညွှန်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly