ကျားဖောင်လုပ်ငန်း လုပ်သားပြဿနာများကြောင့် မြန်မာ့ရေလုပ်ငန်းအပေါ်မှာ သက်ရောက်မှု ရှိလာနိုင်

ကျားဖောင်လုပ်ငန်း လုပ်သားပြဿနာများကြောင့် မြန်မာ့ရေလုပ်ငန်းအပေါ်မှာ သက်ရောက်မှု ရှိလာနိုင်

နိုဝင်ဘာ၂၆ ၊ရန်ကုန် ။            ။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းရှိ ကျားဖောင်လုပ်ငန်းခွင်များတွင် ဖြစ်ပွားနေသည့် လုပ်သားပြဿနာကြောင့်   မြန်မာ့ရေလုပ်ငန်းကဏ္ဍအပေါ်သက်ရောက်မှုများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

 နိုဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲတွင်  အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

  “အခု ပြည်တွင်းမှာဝိုင်းရေးကြတဲ့အဖြစ်က အဲဒီဖျာပုံပင်လယ်ပြင်ဟာ ငရဲခန်းကြီးလို ဖြစ်ပြီးတော့  မတရားခိုင်းစေမှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ အင်မတန် မှ ယိုးဒယားတွေ အင်ဒိုနီးရှာ ကျွန်းပေါ်လုပ်သလို ပုံစံမျိုးဖြစ်နေတယ်။၊ ဒီဖြစ်စဉ်က အခု နိုင်ငံတကာ သတင်းဌာနတွေကိုပါရောက်သွားတယ်။ အဲလိုရေးလိုက်တဲ့ အတွက် ကျွန်တော်တို့နိုင်ငံမှာ ရေလုပ်ငန်းရဲ့ ထွက်ကုန်တွေက ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ လူ့ အခွင့်အရေး ချိုးဖောက်နေပါတယ်လို့ ဆိုခဲ့ရင် စွပ်စွဲခဲ့ရင် တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ရေလုပ်ငန်းရဲ့ စီးပွားရေးကို ထိခိုက်နိုင်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

ဒဂုံ တက္ကသိုလ် ကျောင်းသားတစ်ဦး လူကုန်ကူးခံရပြီး ကျားဖောင်လုပ်ငန်းခွင်တစ်ခုကြောင့် ညှဉ်းပမ်းနှိပ်စက် အတင်းအဓမ္မ အလုပ်ခိုင်းစေခံခဲ့ရမှုကို  မိသားစုဝင်များက စုံစမ်းမေးမြန်းပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူခဲ့ရသည့် ဖြစ်စဉ်ကို မီဒီယာများက ဖွင့်ချရေးသားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျားဖောင်လုပ်ငန်းများ၏ လုပ်သားပြဿနာများနှင့် ပက်သက်ပြီး ယခင်က ရေးသားဖော်ပြမှုများ ရှိခဲ့သော်လည်း လူစိတ်ဝင်စားမှုနည်းခဲ့ပြီး လက်တလောတွင် ဖြစ်ပွားခဲ့သည့် ဒဂုံတက္ကသိုလ် ကျောင်းသား လူကုန်ကူးခံရမှု သတင်းကို  ပြည်တွင်း  ပြည်ပ သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာကြပြီးနောက် တာဝန်ရှိသူများက ကျားဖောင်လုပ်ငန်းနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာကြခြင်းဖြစ်သည်။

 “ လုပ်ငန်းအားလုံးဖြစ် နေတာတော့ မဟုတ်နိုင်ဘူးပေါ့။ သို့သော်ဒီလိုဖြစ်စဉ်တွေရှိနေတာတော့ မငြင်းနိုင်ဘူး။  နိုင်ငံတကာကလည်း လူအခွင့်အရေး ချိုးဖောက်မှုရှိတဲ့ လုပ်ငန်းတွေက ထုတ်ကုန်တွေကိုဝယ်ယူဖို့ဆိုတာ ငြင်းဆန်နိုင် တယ်လေ။ ဒါဆိုရင်ကျန်တဲ့ ရိုးရိုးသားသား လုပ်ကိုင်နေတဲ့ ကျားဖောင်လုပ်ငန်းတွေအပေါ်မှာ ထိခိုက်နိုင်တာ ပေါ့။ ဒီတော့နိုင်ငံစီးပွားရေးကို ထိခိုက်နိုင်ပါတယ်။ ဒါမျိုးတွေထက်မဖြစ် အောင် ကြိုတင်ကာကွယ်တာတွေ လုပ်သင့်တယ် ၊ ဖြစ်စဉ်အမှန်တွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေး ယူဖို့လိုတယ်။ မျက်နှာလွဲခဲပစ် တော့ မထားသင့်ဘူးပေါ့” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

အဆိုပါ ကျားဖောင်လုပ်ငန်းများမှာ ပွင့်လင်းရာသီတွင် မုတ္တမပင်လယ်ကွေ့အတွင်း အထိုင်ချကာ ဝါးဖောင်များဖြင့် ပိုက်ထောင်၍ ငါး၊ပုဇွန်များကို ဖမ်းယူသည့် လုပ်ငန်းဖြစ်သည်။ ကျားဖောင်လုပ်လုပ်ငန်းများမှ  ပုဇွန်ခြောက် အများဆုံးထွက်ရှိပြီး၊ ၊ပြည်တွင်းစားသုံးမှုအပြင်  ပြည်ပ နိုင်ငံများကိုလည်း တင်ပို့ရောင်းချနေကြောင်း သိရသည်။  ထို့အပြင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် မွေးမြူရေးနှင့် တရိစ္ဆာန် အစာတို့ကိုလည်း ယင်းလုပ်ငန်းများက တစ်ဆင့် ထုတ်လုပ်နေခြင်းဖြစ်သည်။

ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားချက်အရ အဆိုပါ လုပ်ငန်းများတွင်  အလုပ်လုပ်ကိုင်သူ လူဦးရေ သုံးသောင်းခန့်ရှိပြီး၊ဝါးဖောင် အရေအတွက်အားဖြင့်  တစ်သောင်းဝန်းကျင်ခန့် ရှိနေသည်ဟုသိရသည်။

၂၀၁၃ခုနှစ်အတွင်းကလည်း  အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ကျွန်းပေါ်တွင် ထိုင်းငါးဖမ်းသင်္ဘောများက မြန်မာရေ လုပ်သားများကို ကျွန်ပြုခိုင်းစေခဲ့သည့် ဖြစ်စဉ်များကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါ ကျွန်ပြုခိုင်းစေမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မဖြေရှင်းပါက ထိုင်းရေလုပ်ငန်းများမှ တင်ပို့နေသည့် ရေထွက်ကုန်များကို ဝယ်ယူမည်မဟုတ်ကြောင်း ILO နှင့်  အီးယူတို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးကြေညာခဲ့ကြသည့် သာဓက ရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့်  ထိုင်းရေလုပ်ငန်းများ အပေါ် အရေးယူမှုများနှင့် ယခုအထိ စောင့်ကြည့်မှုများလည်း ရှိနေ သေးသည့်အတွက် ထိုင်းနိုင်ငံကဲ့သို့ အရေးယူခံရမည်ကို ရေလုပ်ငန်းရှင်ကြီးများက စိုးရိမ်နေကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required