သိမ်ဖြူခုံးတံတားအောက်တွင် တွေ့ရသည့် ကလေးအလောင်းအတွက် လူသတ်မှုကျူးလွန်သူ ၂ ဦးကို ဖမ်းဆီး

သိမ်ဖြူခုံးတံတားအောက်တွင် တွေ့ရသည့် ကလေးအလောင်းအတွက် လူသတ်မှုကျူးလွန်သူ ၂ ဦးကို ဖမ်းဆီး

နိုဝင်ဘာ၂၄၊ ရန်ကုန်။       ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သိမ်ဖြူဂုံးတံတားအောက်၊ ရထားသံလမ်းဘေးတွင် မြွေရေခွံအိတ်ဖြင့် စွန်ပစ်ခံခဲ့ရသော အသက်(၈)နှစ်အရွယ်ရှိ မိန်းကလေးကို လူသတ်မှု ကျူးလွန်ခဲ့သူ နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖြစ်အပျက်သည် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ သုံးလဝန်းကျင်တွင် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တရားခံဟုယူဆသည့် စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင် (ခ)သရဲ (ခ) ဖင်ကြီးမ ပျောက်နေသည်ကို သံသယရှိသဖြင့် ရှာဖွေရာ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကျိုက္ခမီနယ်မြေရဲစခန်းရှိ တာဝန်ရှိသူများက ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်၊ ကျားဆိပ်မြောက်(၁)လမ်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းကို အသေးစိတ်ထပ်မံ စစ်ဆေးခဲ့ရာတွင် ထွန်းထွန်း(ခ)ရှမ်းလေးနှင့်အတူ  သြဂုတ်လ (၁၉)ရက်နေ့က အောင်ဆန်းအားကစားကွင်း၊ ရွှေကားဂိတ်ရှိ ကွပ်ပစ်ခုံပေါ်တွင် ဖခင်နှင့်အတူအိပ်နေသော ကလေးငယ်အား ပွေ့ချီကာ သားမယားပြုကျင့်ခဲ့ပြီး အော်ဟစ်နေသောကြောင့် လက်၊ခဲတို့နှင့် ရိုက်နှက်ပြီး ဆာလာအိတ်အတွင်းထည့်၍ သံလမ်းအနီးပစ်ချခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုသို့ ထွက်ဆိုမှု ရရှိခဲ့သဖြင့် ထွန်းထွန်း(ခ)ရှမ်းလေးကို ရှာဖွေဖမ်းဆီးရာ နိုဝင်ဘာ(၂၁)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ရန်ကုန်ဘူတာကြီးရှေ့၊ ပန်းဆိုးတန်း ဂုံးတံတားအောက်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု လည်း ဖော်ပြထားသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ  စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင် (ခ)သရဲ (ခ) ဖင်ကြီးမနှင့် ထွန်းထွန်း(ခ)ရှမ်းလေးတို့နှစ်ဦးကို ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ သိမ်ဖြူဂုံးတံတားအောက်၊ ရထားသံလမ်း မိုင်တိုင်(၀၁-၀၂)၊ အမှတ်(၁)ရထားသံလမ်းဘေးနှင့် တံတားအောက်ခြေ အုတ်ဘောင်ကြားတွင် အသက်(၈)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယာချိုစောင်းဖူးရောင်ဒဏ် ရာများဖြင့် အဝတ်အစားများမပါဘဲ သေဆုံးနေသည်ကို သြဂုတ်လ(၂၁)ရက်နေ့က ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly