ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် နှစ်ရက်တာ ထိုင်းခရီးစဉ်အပြီး ဂျပန်နိုင်ငံသို့ ထွက်ခွာ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် နှစ်ရက်တာ ထိုင်းခရီးစဉ်အပြီး ဂျပန်နိုင်ငံသို့ ထွက်ခွာ

တိုကျို၊ နိုဝင်ဘာ ၂၃ ။          ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် နှစ်ရက်တာ ထိုင်းနိုင်ငံခရီးစဉ်အပြီး ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် ထွက်ခွာပြီ ဖြစ်သည်။

အာရှခရီးစဉ်အစဖြစ်သော ထိုင်းနိုင်ငံတွင် ပုပ်ရဟန်းမင်းကြီးက နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို သတိပေးပြောကြားခဲ့သည်။

အဆိုပါ ထိုင်းခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ထိုင်းဘုရင်မင်းမြတ်နှင့် တွေ့ဆုံခဲ့သကဲ့သို့ အမျိုးသားအားကစားရုံတွင် လူထုပရိသတ် ခြောက်သောင်းကျော် ရှေ့မှောက်၌ အထင်ကရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဘာသာပေါင်းစုံညီညွတ်ရေးကို ဦးတည်ကာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ကမ္ဘာပေါ်၌ နျူကလီးယား ဗုံးဒဏ် ခံစားခဲ့ရသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် ဂျပန်ခရီးစဉ်တွင် ပုပ်ရဟန်းမင်းကြီးအနေဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး နျူကလီးယား ဆန့်ကျင့်ရေး မိန့်ကြားဖွယ်ရှိသည်။

သက်တော် ၈၂ နှစ်ရှိ အာဂျင်တီးနားက ပုပ်ရဟန်းမင်းကြီးသည် လေးရက်တာ ဂျပန်ခရီးစဉ်အတွင်း နျူကလီးယား ဗုံးကြဲခံရသည့် နာဂါစကီနှင့် ဟီရိုရှီးမားမြို့များသို့ သွားရောက်လည်ပတ်ရန် ရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်းက နျူကလီးယားဗုံးကြဲခံရပြီး နာဂါစကီတွင် လူပေါင်း ၇၄၀၀၀ ကျော် သေဆုံးကာ ဟီရိုရှီးမားတွင် ၁၄၀၀၀၀ ကျော် သေဆုံးခဲ့သည်။

ဗာတီကန်မှ မထွက်ခွာခင် ပုပ်ရဟန်းမင်းကြီးသည် ဂျပန်နိုင်ငံအတွက် ဗီဒီယိုမှတစ်ဆင့် သတင်းစကားပါးရာ၌ ဆိုးယုတ်သည့် နျူကလီးယားလက်နက် အသုံးပြုခြင်းအား ဆန့်ကျင်ပြောဆိုထားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly