ဘိုဂိုတာ၊ နိုဝင်ဘာ ၂၃ ။ ။ ကိုလံဘီယာ သမ္မတ အီဗန်ဒူကေ့ ဦးဆောင်သော လက်ယာယိမ်းအစိုးရ၏ မူဝါဒများကို ဆန့်ကျင်ကန့်ကွက်သည့် အထွေထွေသပိတ်ကြီး တစ်ရပ် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေရာတွင် ဆန္ဒပြပွဲများအတွင်း သေဆုံးသူ သုံးဦးရှိသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၂ ရက်၌ ပြောသည်။
အနောက်ပိုင်း ဗယ်လီဒယ်ကော့ကာမြို့က ဆူပူဆန္ဒပြမှုများအတွင်း လူသေဆုံးမှု ရှိခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီး ကားလို့စ်ဟုမ်းစ်ထရူဂျီလိုက သတင်းထောက်များအား ပြောသည်။
“ပြီးခဲ့တဲ့ နာရီပိုင်းမှာပဲ ဗယ်လီဒယ်ကော့ကာမြို့က ဆန္ဒပြမှုတွေအတွင်းမှာ လူသုံးဦး သေဆုံးကြောင်းကို အာဏာပိုင်တွေက အတည်ပြုပါတယ်။”ဟု ဝန်ကြီး ကားလို့စ်ဟုမ်းစ်က ပြောသည်။
သမ္မတ အီဗန်ဒူကေ့၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများကို ဆန့်ကျင့်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်မှစကာ မြို့တော် ဘိုဂိုတာနှင့် အခြားမြို့ကြီးများတွင် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းများပေါ်ထွက်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။
အဆိုပါ ဆန္ဒပြမှုများတွင် ကုန်သွယ်ရေးသမဂ္ဂများ၊ ကျောင်းသားများ၊ အတိုက်အခံပါတီများနှင့် တိုင်းရင်းမျိုးနွယ်စုအဖွဲ့အစည်းများက လမ်းပေါ်ထွက် ဆန္ဒပြကြခြင်းဖြစ်ရာ ဖမ်းဆီးမှုများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားကောင်း ဌာနေသတင်းများတွင် ဖော်ပြသည်။
ထိုသို့ မတည်မငြိမ် ဆန္ဒပြမှုများကြောင့် ဘိုဂိုတာမြို့တော်နှင့် ဝန်းကျင် မြို့နယ်သုံးမြို့နယ်တွင် ကာဖျူးမိန့်ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ လူသေဆုံးမှု ဖြစ်ပွားပြီးနောက်တွင်မူ သမ္မတ အီဗန်ဒူကေ့က လူမှုစီးပွား ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပေးပါမည်ဟု နိုဝင်ဘာ ၂၂ ရက်တွင် ကတိပေးပြောကြားလာခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/