အတိတ်သင်ခန်းစာများဖြင့် အနာဂတ်ကို လှမ်းတက်ခြင်း

အတိတ်သင်ခန်းစာများဖြင့် အနာဂတ်ကို လှမ်းတက်ခြင်း

ဒီတစ်ခါတော့ ချက်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာပြည်ရှိ ချက်သမ္မတနိုင်ငံ သံရုံး၏ ကူညီထောက်ပံ့မှုဖြင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့  သုတေသန စီမံချက်ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား(ဟောင်း)များ၏ အတွေ့အကြုံများကို သုံးသပ်တင်ပြထားတဲ့ အစီရင်ခံစာရဲ့အကြောင်းကိုပြောပြပါရစေ။

ထိုအစီရင်ခံစာနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ရက်က ရန်ကုန်မြို့ရှိ Café in Town မှာချက်သမ္မတနိုင်ငံရဲ့ နှစ် ၃၀ ပြည့် ကတ္တီပါတော်လှန်ရေးနဲ့ ၎င်းတို့၏ ၁၉၈၉ ခုနှစ် နိုဝင်ဘာဖြစ်စဉ်များ အထိမ်းအမှတ်အဖြစ် “ Memory of Myanmar” တွဲဖက်လုပ်ငန်းအစီအစဉ်နှင့် “The Systematic Use of The Torture by Totalitarian Regimes in Burma & The Experiences Of Political Prisoners” အစီရင်ခံစာ မိတ်ဆက်ပွဲကိုမြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး  H.E. Ms. Jana Mottlovaတက်ရောက်ပြီး အမှာစကားပြောရင်း အဆိုပါအစီရင်ခံစာအား မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

သူတို့(AAPP)တွေ့ရှိခဲ့တဲ့ သုတေသနစစ်တမ်းအရ မြန်မာနိုင်ငံ စစ်အစိုးရလက်ထက်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို စာရင်းသွင်း အထောက်အထားပြု သိမ်းဆည်းထားနိုင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ နိုင်ငံအနှံ့အကျဉ်းထောင်တွင်းနေထိုင်ခဲ့သူများမှ နိုင်ငံရေးအကျဉ်းသား(ဟောင်း)များ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူထိန်းသိမ်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရမှု၊ အကျဉ်းကျမှုဖြစ်စဉ်သမိုင်း၊ လှုပ်ရှားမှုများ၊ အတွေ့အကြုံများကို အသေးစိတ် စာရင်းပြုစု ဖော်ပြထားတာတွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်သားတွေရဲ့ ရုပ်ပိုင်း စိတ်ပိုင်းတို့ကို ပြင်းပြင်းထန်ထန်ထိခိုက်စေသည့် နှိပ်စက်ညှဉ်းပန်းမှုများအား ကိုယ်တိုင်တွေ့ဆုံမေးမြန်းမှုတွေ လုပ်ကာ အသေးစိတ် မှတ်တမ်းတင်ထားတာတွေကိုလည်း အစီရင်ခံစာမှာ တွေ့ရမှာဖြစ်ပါတယ်။

နှိပ်စက်ညှဉ်းပန်းမှုတွေကို စစ်အစိုးရခေတ်က ရဲနှင့် စစ်တပ်ထောက်လှမ်းရေးတို့က နိုင်ငံရေးသမားတွေအပေါ် ပြုလုပ်ရာမှာတော့ မျက်လုံးပိတ်ပြီး မမြင်ရအောင်လုပ်ခြင်း၊ ခေါင်းကို အိတ်စွပ်ခြင်း၊ ရိုက်နှက်ခြင်း၊ ထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်း၊ ခြေဖျားထောက်ပုံစံအနေအထားဖြင့် ရပ်စေပြီး ခြေဖနောင့်အောက်တွင် သံချောင်းများ ထားရှိခြင်း၊ ဆေးလိပ်မီးဖြင့် ထိုးမြိုက်ခြင်း၊ ဗို့အားမြင့် လျှပ်စစ်ဖြင့် ကိုယ်ခန္ဓာနှင့် လိင်အင်္ဂါများကို ရှော့ရိုက် စစ်ဆေးခြင်း၊ သံမီးပူနှင့်ထိကပ် လောင်မြိုက်စေခြင်း၊ ခန္ဓာကိုယ်ပေါ်သို့ အဆိပ်ရှိသတ္တဝါများ ဖုံးအုပ်တင်ထားခြင်း၊ မျက်နှာကြက်မှ ဖောက်ထိုးချည်ထားခြင်း၊ ဦးခေါင်းထိပ်ပေါ်သို့ ထပ်ကာထပ်ကာ ရေစက်ချ နှိပ်စက်ခြင်း၊ နာကျင်နေသော နေရာတစ်နေရာတည်းကို မာကြောသောအရာဖြင့် အကြိမ်များစွာ ရိုက်နှက်ခြင်း စသည်တို့ဖြင့် ဖမ်းဆီးခံ နိုင်ငံရေးသမားများကို နှိပ်စက်ညှဉ်းပန်းကြတယ်လို့လည်း ၎င်းအစီရင်ခံစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံရေးသမားတစ်ဦးကို စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့ပြီး သူ့ကို မျက်စိပိတ် မမြင်ရအောင်လုပ်ထားကာ လက်များကိုလည်း နောက်ပြန် လက်ထိတ်ခတ်ထားပါတယ်။  ခြေဖျားထောက်ခိုင်းပြီး လူတစ်ကိုယ်လုံးအလေးချိန်ကို ကြွက်သားတွင်ဖိစီးနာကျင်စေကာ ပေါင်ကိုမြေပြင်နှင့် အပြိုင်ထားစေသောပုံစံဖြင့် အကြိမ်များစွာ အတင်းအကျပ်နေစေခဲ့ပါတယ်။ ၎င်းကို ၁၀ ရက်လုံး သတ္တုပိုက်များဖြင့်ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ တစ်ကိုယ်လုံးကို ပြင်းပြင်းထန်ထန်ထိုးနှက်ခြင်း၊ နားကိုထုခြင်း၊ မျက်နှာကြက်တွင် တစ်ကြိမ်လျင် မိနစ် ၂၀ ခန့် ကြိမ်ဖန်များစွာ ဇောက်ထိုးချိတ်ဆွဲထားခြင်းတို့ကို ပြုလုပ်ပါတယ်။

၁၉၉၀ ပြည့်နှစ်တုန်းက ပြည်သူ့တိုးတက်ရေးပါတီမှ အတွင်းရေးမှူးတစ်ယောက်ကို မန္တလေး စစ်ထောက်လှမ်းရေးအဖွဲ့(၁)က ဖမ်းဆီးပြီး ဖမ်းဆီးစစ်ဆေးသည့် ကာလတစ်လျှောက်၌ အခန်းကျဉ်းတစ်ခန်းတွင် ထည့်ထားကာ လက်ထိပ်နောက်ပြန်ခတ် မျက်လုံးကို အမြဲပိတ်ထားပြီးစစ်ဆေးခဲ့ပါတယ်၊ သူ့ကို စစ်ဆေးမေးမြန်းသူများက ထိုးနှက်ကန်ကျောက်ကြပြီး မမေ့မချင်း ခန္ဓာကိုယ်ကို အကြိမ်များစွာ လျပ်စစ်ရှော့တိုက်မှုများ ပြုလုပ်ပြီး အဖြေမရမချင်း လျှပ်စစ်ရှော့တိုက်မှုတွေကို ပြုလုပ်ကြတယ်လို့ အဲဒီအစိရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

၁၉၈၉ ခုနှစ်ဇူလိုင်လမှာလည်း တိုင်းရင်းသားတစ်ဦးအား မြေအောက်လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ စစ်ထောက်လှမ်းရေးအဖွဲ့(၉)မှာ စစ်မေးခဲ့ပြီး မေးမြန်းစဉ်မှာတော့ သူ့ကို အဝတ်အစားများဆွဲချွတ်ပြီး ကိုယ်လုံးတီးဖြင့် နေစေကာ အဆက်မပြတ် ရိုက်နှက်ပါတယ်၊ စစ်ကြောရေးကာလအတွင်း လိင်တလွဲကျင့်ကြံမှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ခါ မည်သည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများနှင့် မသက်ဆိုင်သော အခြားတစ်ယောက်ကိုလည်း ၁၉၉၀ ခုနှစ်မှာ ဖမ်းဆီးပြီး စစ်ထောက်လှမ်းရေးအဖွဲ့(၃) မှာ မေးမြန်းမှု တစ်စုံတရာမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို သစ်သားတုတ်ဖြင့် ချက်ချင်းအရိုက်ခံခဲ့ရပါတယ်၊ ခြေတောက်တွေကို ကြိုးတုတ် ၊ လက်နောက်ပြန် လက်ထိပ်ခတ်ပြီး နာရီဝက်ကြာ မှောက်လျက် သူ့ကြောပေါ်ကို လူများက နင်းကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် သူ့နောက်ကြောကို ဆေးလိပ်မီးဖြင့်ထိုး၊ သံချောင်းများဖြင့်ထိုးကာ လိင်အင်္ဂါကိုလည်း သစ်သားတုတ်ဖြင့် အကြိမ်များစွာ ထုနှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၉၉၈ ခုနှစ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကို ဒဂုံမြောက်ပိုင်းမြို့နယ်တွင် စစ်ထောက်လှမ်းရေးများက ဖမ်းဆီးပြီး ရေကြည်အိုင် စစ်ကြောရေးစခန်းသို့ခေါ်ဆောင်ကာ  မျက်စိကိုဖုံးပိတ်ထားပြီး မျက်နှာကို အကြိမ်ကြိမ်ကန်ကျောက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများပြုလုပ်ပြီး မေးမြန်းကြပါတယ်၊ အတင်းအကျပ် ဒူးထောက်စေပြီး ကျောကို ကြိမ်ဖြင့်ရိုက်ပါတယ်၊ ထိုနောက် အဝတ်များကို ဆုတ်ဖြဲပြီး ကိုယ်တုံးလုံးဖြင့် ရပ်ခိုင်းကာ တုတ်ဖြင့် ဆက်လက်ရိုက်နှက်ခဲ့ပြန်ပါတယ်၊ သူ၏မျက်နှာနှင့် နားနှစ်ဖက်ကို သွားများကျိုး အကြားအာရုံပျက်သည်အထိ သတိမေ့သွားအောင်ကို ရိုက်နှက်ကြတယ်လို့ ဆိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာသာမက အကျဉ်းသားများကို အရှက်ရစေမည့် လူ့ဂုဏ်သိက္ခာ ယုတ်ညံ့စေသည့် စော်ကားခြင်းများကိုပါ AAPP က မှတ်တမ်းတင်နိုင်ခဲ့တာလည်း တွေ့ရှိရပါတယ်။

၁၉၉၉ ခုနှစ် စက်တင်ဘာလကဆိုရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်းဆီးကာ စစ်ထောက်လှမ်းရေး(၁၆)၌၊  ၉ လေးလုံးလှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ထောက်လှမ်းရေးများက သူ့ကိုခေါင်းစွပ် စွပ်ပြီး ပြင်းထန်စွာ ရိုက်နှက်လို့ ထိတ်လန့်တုန်လှုပ်နေစဉ်အတွင်း ဆေးလိပ်များကို အတင်းစားစေပြီး ထပ်တလဲလဲ ရိုက်နှက်ကြပြန်ပါတယ်၊ နောက်ပြီး ရဲကိုင်နံပတ်တုတ်ကို သူ၏ပါးစပ်ထဲထိုးထည့်လိုက်ပြီး ပါးစပ်အတွင်း စောင့်ထိုးထည့်တာကိုလည်း ခံရတယ်လို့လည်း ဆိုပါတယ်။

ဒါတွေတင်မက ဖမ်းဆီးခံ နိုင်ငံရေးသမားများရဲ့ မိသားစုများကိုလည်း အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ပြော ဆိုမှုများနှင့် အမှန်တကယ် ခြိမ်းခြောက်မှုများရှိတဲ့  ဖြစ်ရပ်များစွာကိုလည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၀၆ ခုနှစ်တုန်းက ၉ လေးလုံးလှုပ်ရှားမှုနှင့် ဆက်စပ်ဖူးခဲ့တဲ့ လူတစ်ယောက်ကို ပဲခူး စစ်ထောက်လှမ်းရေးများ က ဖမ်းဆီးတဲ့အခါ သူ့ကိုဖမ်းဆီးစဉ် သူ့ဇနီးနဲ့ ၃ နှစ်အရွယ် သမီးလေးကိုပါ အတူဖမ်းဆီးခဲ့ပြီး သူ့ကို နှိပ်စက်ညှဉ်းပန်း မေးမြန်းစဉ်အတွင်း သူ့ဇနီးအသံကို ဘေးခန်းမှနေ၍ ကြားနေရတယ်လို့ဆိုပါတယ်။ သူ့သမီးလေးရဲ့ အဆက်မပြတ် ငိုကြွေးသံကိုလည်း ကြားရတယ်လို့ဆိုပါတယ်။ ဖမ်းဆီးထားသူများက သူ့ဇနီးအား သေကာနီးအထိ ဗို့အားမြင့် လျှပ်စစ်ဖြင့် ရှော့ရိုက်ခဲ့ကြပါတယ်၊ သူ့ကိုလည်း သတိမေ့သည်အထိ လည်ဂုတ်၊ တံတောင်ဆစ်၊ ဒူးအဆစ်များကို လျှပ်စစ်ဖြင့် ရှော့တိုက်ကြပါတယ် ဖမ်းဆီးသူများက သူ့ကို ဇနီးနှင့် သမီး သေဆုံးပြီလို့လည်း ပြောကြပါတယ်။ အဲဒီလို ၃ ရက်လောက် ဘာမှ မမေးဘဲ ဆက်တိုက်ရိုက်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်တစ်ခါ တိုင်းရင်းသားတစ်ဦးကို ဖမ်းဆီးပြီး ရန်ကုန် စစ်ထောက်လှမ်းရေးစခန်းတစ်ခုမှာ ပလပ်စတစ်အိတ်ကို နှစ်ရက်ကြာ ခေါင်းတွင်ရစ်ပတ်ထားပြီး ရေနှစ်ကာ ရေပေါ် ပေါ်လာသည်နှင့် ရဲကိုင်တုတ်ဖြင့် ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်၊ သူ့ဦးခေါင်းကို သေနတ်ဖြင့်ချိန်ပြီး မေးမြန်းတာကို မဖြေလျင် သူ့ဇနီးသည်ကို လိင်ပိုင်း မတရားကျင့်မည်ဟုလည်း ခြိမ်းခြောက်ခံရတယ်လို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ် အကုန်ပိုင်းလောက်က တက်ကြွလှုပ်ရှားသူတစ်ဦးကို စစ်ကြောရေးလုပ်နေစဉ်အတွင်း စစ်ကြောသူကို စကားပြန်မပြောတာကြောင့် သူ့အဖေကို လက်ထိတ်ခတ်ပြီး စစ်ကြောရေးအခန်းထဲခေါ်လာပြီး သူဝန်မခံပါက သူ့အဖေကို ရိုက်နှက် နှိပ်စက်မယ် လို့ ခြိမ်းခြောက်တယ် ဆိုတာလည်း စီရင်ခံစာရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အခန်းမှာဖော်ပြထားပါတယ်။

အစီရင်ခံစာထဲမှာ ကျောပေါ်တက်ပြီး သံတုတ်နဲ့ သွေးအလိမ်းလိမ်းထွက်အောင် ညှဉ်းပန်းနှပ်စက်တာတို့၊ အဝတ်အစားတွေကိုချွတ်ပြီး လိင်အင်္ဂါကို ပလပ်စတစ်တုတ်နဲ့ရိုက်တာ၊ ညစ်ပတ်မဲနက်နေတဲ့ ရေကန်ထဲမှာ နာရီပေါင်းများစွာ စိမ်ခိုင်းထားတာ၊ လည်ပင်းကို ကြိုးကွင်းစွပ်တာ၊ မျက်စိကို မီးခြစ်မီးနဲ့ လောင်မြိုက်စေတာ၊ လက်ချောင်းများကို တူဖြင့်ထုရိုက်ချိုးဖဲ့တာ၊ ခွေးလှောင်အိမ်ထဲကို အတင်းဆွဲသွင်းနေထိုင်ခိုင်းတာ၊ စီးကရက်ဆေးလိပ်မီးဖြင့် ထိုးမြိုက်ပြီး အရေပြားတက်တူးတွေကို ထိုးဆွဖယ်ထုတ်တာ၊ ရှစ်ရက်ကြာ အဝတ်မပါ ကိုယ်တုံးလုံးဖြင့် အိပ်မရအောင် လုပ်ဆောင်တာ၊ နားနားကပ်ပြီး သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး အကြားအာရုံ ပျက်စီးအောင်လုပ်တာ၊ စက္ကူကို သေးငယ်အောင်လိပ်ပြီး နားထဲကို သွေးထွက်တဲ့အထိလုပ်ပြီး အကြားအာရုံကို ဖျက်ဆီးပစ်တာ စသဖြင့် နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ပြောပြသူ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြောစကားတွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေနဲ့ပတ်သက်လို့လည်း ဖမ်းဆီးခံရသူ အမျိုးသမီးကို ခေါင်း၊ ရင်ဘတ်နှင့် ကျောကို တုတ်ဖြင့် နာရီပေါင်းများစွာ ရိုက်နှက်ကြတာ၊ ခြေတောက်ကို ကြိုးဖြင့်ချည်ပြီး ဇောက်ထိုးဆွဲထားတာ၊ သံတုတ်ကို ပါးစပ်ထဲထိုးထည့်တာ ၊ အင်းဆက်ပိုးမွှားတွေကိုသူ့ရဲ့ခန္ဓာကိုယ်ပေါ်တင်ကာ ပန်းကန်လုံးဖြင့် ဖုန်းအုပ်ထားပြီး အရေပြားကို ကိုက်စေတာ၊ အဝတ်မပါ ကိုယ်တုံးလုံးဖြင့် တိုင်တစ်တိုင်တွင် ချည်ပြီး တစ်ပတ်ခန့် ရေစက်ချ နှိပ်စက်ခံရတာ၊ သောက်ရေအသန့်မပေးဘဲ ပုပ်သိုးနံဟောင်နေသော ကြွက်သေတစ်ကောင်ကို ရေဗူးထဲ ထည့်တိုက်တာ၊ ညစ်ညမ်းသောစကားများဖြင့် ‌ပြောဆိုစစ်ဆေးတာတွေ ခံကြရတာကိုလည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

သုတေသနတွေ့ရှိချက် အစီရင်ခံစာထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေက လွတ်မြောက်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကို နှစ်ရှည်လများ ညှဉ်းပန်းနှပ်စက်ခံရတာကြောင့် ရေရှည်ကျန်းမာရေး ထိခိုက်မှုတွေ ရှိပြီး မသန်စွမ်းမှုမျိုးစုံဖြင့် ဘဝကိုရုန်းကန်နေရခြင်း၊အစိုးရ၏ အကူအညီအထောက်အပံ့နှင့် ပြန်လည်ကုစားပေးမှုများ မရှိခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ဘဝရပ်တည်ရေးတို့ကို ရင်ဆိုင်ရာတွင် တစ်စတစ်စ ပိုမိုခက်ခဲလာရပါတယ်။နိုင်ငံရေးအကျဉ်းသားများစွာတို့ဟာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ဒဏ်တွေကြောင့် အလုပ်လုပ်ကိုင်နိုင်မှုမရှိတော့သည်ကလည်း သူတို့အတွက် စိတ်ဒဏ်ရာကို ပိုမိုတိုးပွားစေပါတယ်။

အတက်ပါဆိုခဲ့သော ညှဉ်းပန်းနှိပ်စက်မှုများကို တားမြစ်သည့် မြန်မာနိုင်ငံရှိပြည်တွင်းဥပဒေများကိုလည်း အစီရင်ခံစာမှာဖော်ပြထားတာ တွေ့ရပါသေးတယ်၊ မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၉ နှင့် ၃၂၀ တို့တွင်လည်းကောင်း၊ ပုဒ်မ ၃၃၀ နှင့်၃၃၁ တွင်လည်းကောင်း၊ ပုဒ်မ ၁၆၆ အရလည်း ပြည်သူ့ဝန်ထမ်းများသည် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ထိခိုက်နစ်နာစေရန် ရည်ရွယ်ပြုလုပ်ပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုပေါင်းကျခံစေရမည်လို့ ဆိုထားတာကိုလည်းထိုအစီရင်ခံစာမှာပဲ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ  အညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ကုစားပေးလျော်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပြန်လည်ကုစားပေးလျော်ခြင်းသည် ထိခိုက်ခံစားခဲ့ရသူများကို လူ့ဂုဏ်သိက္ခာတရား ပြန်လည်ရရှိစေသည်သာမက ထိုကုစားမှုကြောင့် မြန်မာနိုင်ငံအနှံ့ ငြိမ်းချမ်းရေးနဲ့အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကိုလည်း အထောက်အပံ့ဖြစ်စေပါမယ်၊ ထို့အပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိစေရန် အရေးပါပြီး အတိတ်ကချိုးဖောက်မှုများကိုလည်း ပြန်လည်မဖြစ်ပေါ်စေရန် အာမခံမှုတစ်ရပ်လည်း ဖြစ်သည့်အပြင် အကယ်၍ မြန်မာနိုင်ငံသည် အတိတ်က ဆိုးမွေများကို ဖြေရှင်းခြင်းမပြုဘဲ ရှေ့ဆက်လျှောက်လှမ်းမည်ဆိုပါက နိုင်ငံရေးရာကိစ္စများတွင် အပြည့်အဝ အောင်မြင်မှာ မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘဝများကို စာနာ၍ အဆိုပါ အစီရင်ခံစားအား ကောက်နုတ် တင်ပြလိုက်ရပါတယ်။  ။

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly