နိုဝင်ဘာ ၁၈။ ။ ဗင်းနစ်မြို့တွင် တစ်ပတ်အတွင်း တတိယအကြိမ်မြောက် ထပ်မံ ရေကြီးလာမှုကြောင့် အထင်ကရနေရာ တစ်ခုဖြစ်သည့် စိန့်မာ့ခ်ရင်ပြင်ကို ပိတ်ထားရန် အာဏာပိုင်များက နိုဝင်ဘာ ၁၇ ရက်နေ့က အမိန့်ထုတ် လိုက်သည်။ အီတလီရှိ ဖလောရင့်စ်နှင့် ပီဆာမြို့များတွင်လည်း သတိပေးချက်များထုတ်ပြန်ထားသည်။
ထူးကဲဒီရေမြင့်တက်မှုသည် နိုဝင်ဘာ ၁၂ ရက်က ၁၈၇ စင်တီမီတာ (၆ပေခန့်) နှင့် ၁၇ ရက်နေ့က ၁၅၀ စင်တီမီတာ (၅ပေခန့်) အသီးသီးမြင့်တက်ခဲ့ကာ နှစ်ပေါင်း ၅၀ အတွင်းတွင် အမြင့်ဆုံးရေလယ်ဗယ် ဖြစ်ပြီး အန္တရာယ် ရှိနေဆဲဖြစ်သည်။ လာမည့်ရက်များတွင် ၁၁၀ စင်တီမီတာ (၃ပေခွဲခန့်) ထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ရေကြီးရေလျှံမှုကြေင့် ယခုအချိန်ထိ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ယူရိုငွေ တစ်ဘီလီယံကျော်ခန့် ရှိပြီဟု ခန့်မှန်းထားကြောင်း မြို့တော်ဝန် လူအီဂျီဘရူနာရိုက တွစ်တာတွင်ရေးသားထားသည်။
၁၉၆၆ ခုနှစ်တွင်လည်း ဖလောရင့်စ်မြို့ရှိ အာနိုမြစ်ရေလျှံမှုကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးခဲ့ကြပြီး စာကြည့်တိုက်များ၊ ရတနာဆိုင်များ၊ မော်ကွန်းတိုက်နှင့် တန်ဖိုးမဖြတ်နိုင်သော အနုပညာလက်ရာ များစွာ ပျက်စီးခဲ့ ရ သည်။ မြစ်အနီးအနားတွင် မနေကြရန် ဒေသအာဏာပိုင်များက သတိပေးထားသည်။
ဂရော့စ်စီတိုမြို့တွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှပ်ပြေးယာဉ်များကို အသုံးပြုမည့် အကြောင်း မီးသတ်တပ်ဖွဲ့၏တွစ်တာတွင် ဖော်ပြထားသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/