မွန်ထရီယဲလ်အသင်းနဲ့အတူ နည်းပြလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ အွန်နရီ

မွန်ထရီယဲလ်အသင်းနဲ့အတူ နည်းပြလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ အွန်နရီ
Photos: EPA

အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ဟောင်း သီယာရီ အွန်နရီကို မေဂျာလိဂ်ကလပ် မွန်ထရီယဲလ် အင်ပက်အသင်းက (၂)နှစ်စာချုပ်နဲ့ အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း မေဂျာလိဂ်ကလပ်အသင်းက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

"သီယာရီ အွန်နရီရယ် မွန်ထရီယဲလ်ကနေ ကြိုဆိုပါတယ်။"လို့ မေဂျာလိဂ်ကလပ်က တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အွန်နရီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်ကလပ် မိုနာကိုအသင်းရဲ့ နည်းပြရာထူးကို ရယူကာ နည်းပြလောကထဲ စတင်ဝင်ရောက်လာသူဖြစ်ပေမယ့် (၃)လအကြာမှာပဲ အသင်းက ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ နည်းပြဘဝကနေ ခေတ္တအနားယူနေခဲ့ပြီး အခုအချိန်မှာတော့ ကစားသမားဘဝက အခြေချခဲ့ဖူးတဲ့ မေဂျာလိဂ်ပြိုင်ပွဲဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

"အွန်နရီဟာ ၂၀၂၂ အတွက် တစ်နှသက်တမ်းတိုးမြှင့်ခွင့်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။"လို့ ကလပ်အသင်းက ၎င်းတို့ ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းနဲ့ ၁၉၉၈ ကမ္ဘာ့ဖလား ဆွတ်ခူးတဲ့ အသက် (၄၂)နှစ်အရွယ် အွန်နရီဟာ နယူးယောက်ရက်ဘူးလ်အသင်းမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး မေဂျာလိဂ်နဲ့ ရင်းနှီးသူဖြစ်ပါတယ်။

သူဟာ နယူးယောက်ရက်ဘူးလ်အသင်းနဲ့အတူ (၁၂၂)ပွဲကစားခဲ့ရာ (၅၁)ဂိုးသွင်း၊ (၄၂)ကြိမ် ဂိုးဖန်တီးခဲ့ပါတယ်။

"မွန်ထရီယဲလ်အသင်းကို နည်းပြအနေနဲ့ မေဂျာလိဂ်ကလပ်ကို ပြန်လည်ရောက်လာတာက ဂုဏ်ယူစရာတစ်ခုပါ။ ဒီလိဂ်အကြောင်းကို ကျနော် ကောင်းကောင်းသိထားပါတယ်။ ကျနော့်မှာ အရမ်းကောင်းမွန်တဲ့ အခိုက်အတန့်တွေလည်း ရှိထားခဲ့ပါတယ်။"လို့ အွန်နရီက ပြောပါတယ်။

"ကျနော် အမြဲတမ်း ကျနော်နဲ့ ကိုက်ညီမယ့် အသင်းမျိုးကို ရှာဖွေနေခဲ့တာပါ။ ခုတော့ ကျနော် ဒီနေရာကို ရောက်လာခဲ့ပါပြီ။"

အွန်နရီဟာ အင်္ဂလန်ကလပ် အာဆင်နယ်အသင်းမှာ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် နာမည်ရေးထိုးခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် တစ်ခုတည်းမှာ ပွဲပေါင်း (၂၅၈)ပွဲကစားခဲ့ပြီး (၁၇၅)ဂိုး သွင်းယူခဲ့ပါတယ်။

သူဟာ ပြင်သစ်လက်ရွေးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ် (၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ နဲ့ ၂၀၁၀) ဆင်နွှဲခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အမိမြေပေါ်မှာ ကမ္ဘာ့ဖလားဆုကို ကိုင်မြှောက်ခဲ့ပါတယ်။

သူဟာ ပြင်သစ်အသင်းအတွက် (၁၂၃)ပွဲကစားခဲ့ရာ သွင်းဂိုး (၅၁)ဂိုးနဲ့ နိုင်ငံလက်ရွေးစင်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ပလာတီနီရဲ့ အထက်မှာ ရပ်တည်နေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly