လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစေရန် အစီရင်ခံစာ ထုတ်ပြန်

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစေရန် အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်၊နိုဝင်ဘာ ၁၆ ။          ။ အစိုးရအနေဖြင့် အတိတ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ပိုမိုရှိစေရန် အဓိပ္ပာယ်ရှိသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည်ဟု ကရင် လူ့အခွင့်အရေးအဖွဲ့( Karen Human Rights Group )မှ ညွန်ကြားရေးမှူးနော်ထူးထူးမှ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ငြိမ်းချမ်းရေး တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုအပေါ်  ဒေသခံများ၏ အမြင်သဘောထားများဆိုသည့် စာမျက်နှာ၁၂၀ ကျော်ပါရှိသော အစီရင်ခံစာတစ်စောင်ကို Karen Human Rights Group မှ နိုဝင်ဘာ ၁၅ရက်နေ့က ထုတ်ပြန်လိုက်ပြီး မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း  ၊ ကရင်ပြည်နယ် ၊ သံတောင် ၊  ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီး ၊  မြဝတီ နှင့်  KNU  ထိန်းချုပ်နယ်မြေဒေသများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ ပါရှိသည့် အစီအရင်ခံစာနှင့် ပတ်သက်၍   ရန်ကုန်မြို့ ၊ Myanmar Press Freedom Center မှာ  သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

အဆိုပါ အစီအရင်ခံစာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တရားမျှတမှု လက်လှမ်းမမှီနိုင်မှုအပေါ် ဒေသခံရွာသား ( ၉၅ ) ဦးတို့၏ အမြင်သဘောထားတင်ပြချက်များကို စုစည်းတင်ပြထားခြင်း ဖြစ်သည်။

 “ အစိုးရဘက်က အတိတ်ကာလက  လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတာဝန်ယူမှု ၊ တာဝန်ခံမှု မရှိသေးဘူး။  ၂၀၁၂ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ဒါပေမဲ့ တရားမျှတမှုကို လက်လှမ်းမှီဖို့မရှိသေး ဘူး။တရားမျှတမှုက လက်လှမ်းမမှီတဲ့နေရာမှ ရှိနေသေးတာပေါ့။ နိုင်ငံတော်အစိုးရအနေနဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီးလေးစားလိုက်နာဆောင်ရွက်ဖို့တိုက်တွန်းထားတယ်။ တရားစီရင်ရေးအပိုင်းမှာလွတ် လပ်မျှတတဲ့ တရားစီရင်ရေးတစ်ခုကို ဖော်ဆောင်သွားဖို့၊နောက်တစ်ခုကKNU ထိန်းချုပ်နယ်မြေအတွင်း အပစ်အခတ် လုပ်ဆောင်တာရပ်ဖို့  တိုက်တွန်းထားတယ်။ လက်ရှိလူ့အခွင့်အရေးချိုးဖောက်မှုခံစားနေရသူများအတွက်  တရားမျှတမှု ရရှိဖို့ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရမယ်” ဟု နော်ထူးထူး မှ ‌ပြောသည်။

ယခု အစီရင်ခံစာထုတ်ပြန်နိုင်ရန်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့( KHRG )မှပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေရာ ဒေသများသို့ သွားရောက်၍ စစ်တမ်းကောက်ယူမေးမြန်းမှုများ ၊ ပါဝင်ပတ်သက်ခဲ့သည့် ဒေသခံပြည်သူများကို တွေ့ဆုံမေးမြန်းပြီး အချိန် ၆ လကြာမှတ်တမ်းပြုစုခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့သူတွေနဲ့ တွေ့သွားမယ်။ ဘယ်သူဘယ်ဝါ တော့ နာမည်တော့မတပ်ဘူး။ ဒါပေမဲ့ ဒီထဲ ပါဝင်ပတ်သက်သူသိသင့်သိထိုက်တဲ့ လူတွေအားလုံး အကုန်လုံး ပေါ့။ဒီထဲမှ အကြုံပြုထားတာက အစိုးရလည်း ပါတယ်။ တပ်ပိုင်းဆိုင်ရာလည်းပါဝင်တယ်။ သူတို့ကို ကျွန်မတို့က နာမည်မတပ်ဘဲ ပါဝင်ပတ်သက်သူ ( Stateholder )နဲ့ လိုက်တွေ့ဖို့ ပြင်ဆင်ထားတယ်” ဟု နော်ထူးထူး မှ ဆက် ပြောသည်။

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်( NCA ) အား လက်မှတ်ရေးထိုး ခဲ့ပြီးနောက် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲတစ်ချို့ ဖြစ်ပေါ်ခဲ့သော်လည်း အတိတ်ကာလမှ လူ့အခွင့်အရေးချိုးဖောက်မှုများက ဒေသခံများ၏ လူနေမှုဘဝတွင် သက်ရောက်မှုများ ရှိနေကြောင်း၊လူ့အခွင့် အရေးချိုးဖောက်မှုအသစ်အနေဖြင့် လိင်ပိုင်းဆိုင်ရာ၊ကျားမ အခြေပြုအကြမ်းဖက်မှုများ ၊အတင်းအဓမ္မ စေခိုင်း ခံရမှုများ  ဆက်လက်ဖြစ်ပွားနေသည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly