နိုဝင်ဘာ ၁၁ ။ ။ သြစတြေးလျ အရှေ့ဘက် ကမ်းရိုးတန်းရှိ ကျယ်ပြောလှသော နယ်မြေတစ်ကြောတွင် လောင်ကျွမ်းနေသော တောမီးများကြောင့် ယခုအခါ နိုဝင်ဘာ ၁၁ ရက်တွင် အာဏာပိုင်များက အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာလိုက်ရပြီဖြစ်သည်။
အလွန်ဆိုးဝါးသည် မီးဘေးအန္တရာယ်တစ်ရပ် မကျရောက်ခင် အန္တရာယ်ရှိသည့် ဧရိယာများမှ ဒေသခံများ အမြန်ဆုံးထွက်ခွာရန်လည်း သက်ဆိုင်ရာက တိုက်တွန်းလျက်ရှိသည်။
နယူးဆောက်ဝေး နှင့် ကွင်းစ်လန်း ပြည်နယ်တို့တွင် လောင်ကျွမ်းနေသော တောမီးများကြောင့် လက်ရှိအချိန်အထိ လူ သုံးဦး သေဆုံးကာ အိမ်ခြေ ၁၅၀ ကျော်ကိုလည်း ပျက်စီးစေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နိုဝင်ဘာ ၁၂ ရက်တွင်လည်း လွန်ကဲဆိုးရွားသည့် အပူချိန်နှင့် လေပြင်းတိုက်ခတ်မှု အခြေအနေများ မကြုံစဖူး အမြင့်ဆုံးလယ်ဗယ်များသို့ ရောက်ရှိမည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။
ပုံမှန်အားဖြင့် ယခင်က ယင်းနိုင်ငံ၏ အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံး နွေရာသီများတွင် ယခုကဲ့သို့ တောမီးများ လောင်ကျွမ်းတတ်သည်ဆိုသော်လည်း ယခုတစ်ကြိမ် အပူပြင်းဆုံးသော နွေကာလတောင် မရောက်သေးခင် ယခုကဲ့သို့ ဆိုးဝါးသည့် တောမီးများ လောင်ကျွမ်းနေခြင်းအပေါ် အများက အံ့အားသင့်နေလျက်ရှိသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/