နိုဝင်ဘာ ၇။ ။ ဂျော်ဒန်နိုင်ငံမြောက်ပိုင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ဂျရာ့ရှ်မြို့မှာ နိုဝင်ဘာလ ၆ ရက်နေ့က ဓားထိုးတိုက်ခိုက်မှုကြောင့် ကမ္ဘာ့လှည့်ခရီးသည် ၄ ဦးအပါအဝင် လူ ၈ ဉီးဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများထဲမှာ မက္ကဆီကိုနိုင်ငံသား ၃ ဦး၊ ဆွစ်ဇာလန်အမျိုးသမီး ၁ ဦး၊ ဂျော်ဒန်လူမျိုးဧည့်လမ်းညွှန်နှင့် ရန်ပြုသူကိုတားဖို့ကြိုးစားခဲ့သည့် လုံခြုံရေးအရာရှိတစ်ဉီးတို့လည်း ပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူတွေကို ဂျရာ့ရှ်မြို့ရှိ ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း လုံခြုံရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ အာမာဆာတာဝီက ပြောသည်။
တိုက်ခိုက်မှုသည် မြို့တော် အာမန်နှင့် မိုင် ၃၀ ခန့်အကွာ လူစည်ကားသည့် ဂျရာ့ရှ်မှာ မွန်းတည့်ချိန်လောက်က ဖြစ်ပွားခဲ့ကြောင်း ဆာဝါတီကပြောသည်။
တိုက်ခိုက်ရန်ပြုသူမှာ အသက် ၂၂ ရှိ မူစ်တာဖာအာဘိုရိုရူးအစ် ဖြစ်ပြီး ဆို့ဖ် (souf ) ပါလက်စတိုင်း ကယ်ဆယ်ရေးစခန်းမှ ဖြစ်သည်။ ရန်ပြုတိုက်ခိုက်သူသည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ဓားဖြင့်ဝှေ့ယမ်းစတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် နိုင်ငံခြားဧည့်သည် ၁၀၀ ကျော်ခန့် ရှိသည်။
ဒဏ်ရာပြင်းထန်သည့် မက္ကဆီကိုလူမျိုးတစ်ဉီးနှင့် ဂျော်ဒန်ဧည့်လမ်းညွှန်တို့ကိုလည်း လေယာဉ်ဖြင့် အာမန်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆာဝါတီက ထပ်မံပြောကြားသည်။
ရန်ပြုသူကို ဝိုင်းဝန်းဖမ်းဆီးပြီး ၎င်းထံမှ ဓားကိုလုယူခဲ့ကြောင်း၊ ရဲများရောက်မလာခင်အထိ စကားတစ်ခွန်းမျှ မပြောဘဲ နှုတ်ဆိတ်နေကြောင်း မျက်မြင်သက်သေလည်းဖြစ် ဂျော်ဒန်ဧည့်လမ်းညွှန်တစ်ယောက်လည်းဖြစ်သည့် ဇရေးကတ် ဆိုသူက ပြောသည်။
ဂျော်ဒန်နိုင်ငံတွင် ခရီးသွားဧည့်သည်များဖြင့် စည်ကားသည့်နေရာတွင်ဖြစ်ပွားသည်မှာ ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။
၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင်လည်း အကြီးဆုံးခရူးဆိတ်ရဲတိုက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကာရက်ရဲတိုက်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လူ ၁၀ ဉီးသေဆုံးကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/