နိုဝင်ဘာ ၇၊ မန္တလေး။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်မြို့ ညောင်သုံးပင် ဘုန်းတော်ကြီးကျောင်း ဗိမ္မာန်တော်ဖွင့်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့၌ တက်ရောက်မည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် လူထုနှင့်တွေ့ဆုံပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
မိုးကုတ်မြို့ ညောင်သုံးပင် ဘုန်းတော်ကြီးကျောင်း ဗိမ္မာန်တော်ကို နိုဝင်ဘာလ ၉ ရက်၌ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖွင့်လှစ်ပေးမည်ဟု ညောင်သုံးပင်ဆရာတော် သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ရှင်တေဇောသာရာဘိဝံသ က မိန့်ကြားသည်။
နိုဝင်ဘာ ၆ ရက် ညပိုင်းက မိုးကုတ် မုံကွင်းတွင် ရဲတပ်ဖွဲ့ လုံခြုံရေး ယူထားသည်ကိုတွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံလာရောက်မည်ဖြစ်သောကြောင့် မိုးကုတ်မြို့ကို လုံခြုံရေးတိုးမြင့်ထားပြီး ကျောက်မျက်တူးဖော်နေသည့်လုပ်ကွက်များကိုလည်း ရပ်နားခိုင်းထားသည်ဟု အမည်မဖော်လို့သည့် အုပ်ချုပ် ရေးမှူးတစ်ဦး ကပြောသည်။
"သုံးရက်ရပ်နားရမယ်လို့ တားခိုင်းထားလို့ အခု ဒေသခံတွေတူးဖော်နေတဲ့ နေရာတွေသွားပြီး ရပ်းနားဖို့ပြောနေတယ်။"ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ လာရောက်ဖွင့်လှစ်မည့် ဗိမ္မာန်
လက်ရှိတွင် ဒေါ်ဆန်းစုကြည် လာရောက်မည့် ညောင်သုံးပင်ဘုန်းကြီးကျောင်း တစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၆ ရက် ညနေပိုင်းမှစတင်၍ လုံခြုံရေးယူထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ခုနှစ် မတ်လ ၂၃ ရက်နေ့က မိုးကုတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲကို လာရောက် ဟောပြောမှု ပြုလုပ်ထားခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/