နိုဝင်ဘာ ၆ ၊ မန္တလေး ။ ။ တရားခံပြေးအဖြစ် ကြေညာခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့က တာချီလိတ်မြို့မှ တစ်ဆင့် မန္တလေးမြို့ကို ပြန်လည် ပို့ဆောင်ခဲ့ပြီးနောက် ရမည်းသင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
တာချီလိတ်မြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် ဦးစိုးထွန်းရှိန်ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းရဲတပ်ဖွဲ့ရုံးခန်းတွင် ရမည်းသင်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူးထံ လွှဲပြောင်းအပ်နှံခဲ့၍ ရမည်းသင်း ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကျော် ဦးဆောင်သော အဖွဲ့က ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် တွေ့ရသည်ဟု Myanmar Now သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ထဲတွင် ရှိသည့် ဧက (၆၀၀၀) ကျော်ရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်နှင့် ပတ်သက်ပြီး နိုင်ငံတော်ကို ပေးသွင်းရမည့် ရွှေပိဿာချိန် ၁၂၀၀ကျော်ကို မပေးဆောင်သည့်အတွက် မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူခံခဲ့ရခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်အပါအဝင် ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်းမှ (ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)နဲ့ အမှုဖွင့်ခဲ့ပြီးနောက် တရားခံပြေးကြေငြာထားခဲ့ခြင်းဖြစ်သည်။