လက်ကျန် နှစ်ပွဲ အလိုတွင် ရန်ကုန်အသင်း ၄ ကြိမ်မြောက် လိဂ်ချန်ပီယံဆု ရရှိ

လက်ကျန် နှစ်ပွဲ အလိုတွင် ရန်ကုန်အသင်း ၄ ကြိမ်မြောက် လိဂ်ချန်ပီယံဆု ရရှိ
လေးကြိမ်မြောက် လိဂ် ချန်ပီယံ ရန်ကုန်အသင်းအား အသင်းပရိသတ်များက ကြိုဆိုနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- YUFC)

အောက်တိုဘာ ၁၉၊ ရန်ကုန် ။        ။ ၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀ ပြီးဆုံးချိန်၌ အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်အသင်းသည် လိဂ်ပွဲကျန် နှစ်ပွဲကစားရန် အလိုတွင် ရမှတ်ပေါင်း ၅၀ ဖြင့် ဒုတိယနေရာမှ ရတနာပုံအသင်းကို ၁၁ မှတ် ဖြတ်ကာ ချန်ပီယံဆုကို ရရှိခဲ့ပြီ ဖြစ်သည်။

ရန်ကုန်အသင်းသည် ပြီးခဲ့သည့် လိဂ်ပွဲစဉ် ၂၀ ဇေယျာရွှေမြေအသင်းနှင့်ပွဲ၌ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော်လည်း ဒုတိယနေရာမှ ရတနာပုံအသင်းက ဇွဲကပင်အသင်းကို ၃-၄ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် လိဂ်သက်တမ်း ၇ နှစ်အတွင်း လေးကြိမ်မြောက် လိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်းအဖြစ် မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

အဆိုပါ ၂၀၁၅ လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် လာမည့်နှစ် ၂၀၁၆ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲပထမအဆင့်နှင့် မဲခေါင်တိုယိုတာဖလားပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

ထို့ပြင် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းသည်လည်း မြန်မာနေရှင်နယ်လိဂ် လူငယ် ယူ-၂၁ ပြိုင်ပွဲတွင် လက်ကျန် ပွဲစဉ် တစ်ပွဲ ကျန်ရှိနေသေးသော်လည်း ဒုတိယနေရာမှ ပြိုင်ဘက် အသင်းကို ရမှတ် ၆ မှတ် ဖြတ်ကာ ချန်ပီယံ ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါသည်။

ထို့ကြောင့် ရန်ကုန်အသင်းသည် မြန်မာနေရှင်နယ်လိဂ် သမိုင်းတွင် ဒုတိယအကြိမ်မြောက် လူကြီးအသင်းနှင့် လူငယ်အသင်း နှစ်သင်းစလုံး တစ်ပြိုင်နက် ချန်ပီယံဆုဖလား ရရှိခဲ့သည့် အသင်းအဖြစ် ထပ်မံမှတ်တမ်းဝင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၀၉ ခုနှစ် မှ စတင်ကာ အသင်းစတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် လိဂ်ချန်ပီယံ၊ လူငယ်လိဂ်ချန်ပီယံ ၊ ရှုံးထွက်ဖလား နှင့် Comminity Shield ချန်ပီယံ ဆုဖလား အပါအဝင် ချန်ပီယံဆုဖလားပေါင်း ၁၁ လုံး အထိ ဆွတ်ခူးထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly