အင်းစိန်ဆေးဝါးစက်ရုံမှူးအမှုကို ပိတ်သိမ်းရန် သင့်၊ မသင့် နိုဝင်ဘာ ၇ ရက်တွင် အမိန့်ချမည်

အင်းစိန်ဆေးဝါးစက်ရုံမှူးအမှုကို ပိတ်သိမ်းရန် သင့်၊ မသင့် နိုဝင်ဘာ ၇ ရက်တွင် အမိန့်ချမည်

အောက်တိုဘာ ၃၀၊ ရန်ကုန် ။          ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပဒေ ပုဒ်မ ၅၆ ဖြင့်  တရားစွဲဆိုခြင်း ခံထားရသည့်   အင်းစိန်  ဆေးဝါး စက်ရုံမှူး ဒေါက်တာ အောင်ဇော်  အမှု ကို ပိတ်သိမ်းရန် လျှောက်ထားမှုအား လာမည့်  နိုဝင်ဘာ ၇ ရက်နေ့တွင်   အမှုပိတ်သင့် ၊ မပိတ်သင့် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအောင်ဇော်ဘက်မှ  လိုက်ပါဆောင်ရွက်သည့်  ဥပဒေပညာရှင်များက အမှုကို ပိတ်သိမ်းပေးရန် လျှောက်ထားသဖြင့် ယနေ့ရုံးချိန်း(အောက်တိုဘာ ၃၀) တွင်  နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြသည်။

ဒေါက်တာအောင်ဇော်သည်  တင်ဒါအောင်မြင်ထားသည့် LG Cham  ကော်စေ့အစား  Lotte ကော်စေ့ ၂၆ တန် အား အစားထိုး သုံးစွဲခဲ့သည့်အတွက် တင်ဒါစည်းမျဉ်း စည်းကမ်း နှင့် မကိုက်ညီဟုဆိုကာ အင်းစိန်မြို့မ ရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။

“ ဒီအမှုဟာ မူလ ရဲတိုင်စာ ၊ တရားရုံးကို စွဲတင်တဲ့ စွဲချက်နဲ့ ကွဲလွဲနေတယ်။ အဂတိ လိုက်စားမှု   တိုက်ဖျက်ရေးကော်မရှင် ကလည်း ဒီအမှုကို စစ်ဆေးရာ တရားစွဲ တင်ပို့တဲ့အထိ ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေ များ နှင့် ညီညွတ်ခြင်း မရှိဘဲနဲ့ စွဲတင်ခဲ့တယ်။ အလားတူ ဥပဒေရုံးအဆင့်ဆင့်ကနေ ဥပဒေရုံး အကြံဉာဏ်ပေးဖို့အတွက် ဥပဒေနဲ့အညီ  ဆောင်ရွက်ခဲ့ခြင်း မရှိဘူးဆိုတဲ့ အချက်တွေကို ကိုးကားပြုပြီး ဥပဒေ အကြောင်းအချင်းရာတွေ ၊ အမှုမှာ ပေါ်ပေါက်နေတဲ့ အကြောင်းပြချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လျှောက်လွဲတင်ပြခဲ့ပါတယ် ။ အလားတူ တစ်ဖက် တိုင်း ဥပဒေရုံးက ဒီအမှုကို ပိတ်သိမ်းရန် မသင့်ဘဲ ဆက်လက်စစ်ဆေးသင့်ကြောင်း သူတို့  လျှောက်လွဲချက်ပေးတယ်” ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

ထို့အပြင် အမှုစစ်ဆေးစဉ်ကာလအတွင်း   ဒေါက်တာအောင်ဇော် ၏ အာမခံလျှောက်ထားချက်ကို တရားရုံးဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးဟု ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါဆောင်ရွက်နေသူများက ဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly