မျက်နှာခွဲစိတ်ပြီး ဖုတ်ကောင်ရုပ်ပေါက်နေတဲ့ အင်စတာဂရမ်စတား အကျဉ်းသူနဲ့ အင်တာဗျူးကို အီရန်နိုင်ငံပိုင် ရုပ်သံ ထုတ်လွှင့်

မျက်နှာခွဲစိတ်ပြီး ဖုတ်ကောင်ရုပ်ပေါက်နေတဲ့ အင်စတာဂရမ်စတား အကျဉ်းသူနဲ့ အင်တာဗျူးကို အီရန်နိုင်ငံပိုင် ရုပ်သံ ထုတ်လွှင့်

တီဟီရန်၊ အောက်တိုဘာ ၂၄။    ။ အီရန်နိုင်ငံရဲ့ နိုင်ငံပိုင်ရုပ်သံဟာ ပလတ်စတစ်ဆာဂျီ ခွဲစိတ်မှုကြောင့် ဆိုးဆိုးဝါးဝါး ဖုတ်ကောင်ရုပ်ပေါက်နေပြီး အင်စတာဂရမ်မှာ အောင်မြင်ကျော်ကြား လူသိများတဲ့ အကျဉ်းသူ အမျိုးသမီး  နဲ့ အင်တာဗူးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဆာဟာတာဘာဆိုတဲ့ အင်စတာဂရမ်စတားဟာ ဘာသာရေးစော်ကားမှုနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပြီး သူ့ မျက်နှာဟာ ပလတ်စတစ်ဆာဂျီနဲ့ ခွဲစိတ်ထားတာကြောင့် ဖုတ်ကောင်ရုပ်ပေါက်နေတာ ဖြစ်ပါတယ်။

ဆာဟာကို ပြည်သူတော်တော်များများရဲ့ တောင်းဆိုမှုကြောင့် အောက်တိုဘာ ၅ ရက်မှာ တီဟီရန်မှာ ရှိတဲ့ အစ္စလာမ္မစ် လမ်းညွှန်မှု တရားရုံးအမိန့်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပါတယ်။

ဘာသာရေး စော်ကားမှု၊ ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု၊ မလျော်ကန်တဲ့နည်းနဲ့ ဝင်ငွေရှာမှုနဲ့ လူငယ်တွေကို အကျင့်ပျက်အောင် အားပေးအားမြှောက်ပြုမှုတွေနဲ့ ဆာဟာကို စွဲဆိုထားတာ ဖြစ်ပါတယ်။
“ကျွန်မက ဖိုတိုရှော့ဓာတ်ပုံတွေထဲကလို မဟုတ်တော့ဘူးလေ။”လို့ အသက် ၂၂ နှစ် ရှိ ဆာဟာက အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ ရုပ်သံအင်တာဗျူးမှာ ပြောပါတယ်။

ဆာဟာရဲ့ ရုပ်သွင်ဟာ ဓာတ်ပုံတွေထဲမှာ ဟောလီဝုဒ်ကြယ်ပွင့် အင်ဂျလီနာဂျိုလီနဲ့ ဆင်တူပုံ ရပေမယ့် ဆာဟာရဲ့ မျက်နှာဟာ အရိုးပေါ်အရေတင်ဖြစ်ပြီး နှုတ်ခမ်းတွေဟာလည်း ယောင်ကိုင်းနေကာ ပါးချိုင့်နားချိုင့်နဲ့ ရုပ်သွင်မျိုး ရှိနေပါတယ်။

ဂျိုလီနဲ့ တူအောင် မျက်နှာကို ခွဲစိတ်ခဲ့တာလို့ သတင်းတွေက ဖော်ပြကြတာကို ဆာဟာက ငြင်းဆန်ပြီး သူဟာ အင်နီမေးရှင်းရုပ်ရှင် Corpse Bride ဇာတ်ကားထဲက ဖုတ်ကောင်ပုံစံမျိုး မျက်နှာကို ခွဲစိတ်ပြုပြင်ခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ဆာဟာရဲ့ အင်စတာဂရမ် အကောင့်ဟာ ဖလိုဝါပေါင်း ၄၈၆၀၀၀ ကျော်ရှိပြီး ခုချိန်မှာတော့ အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly