ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ ခရီးသည်ပမာဏ ၄.၆ သန်းအထိ မြင့်တက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ ခရီးသည်ပမာဏ ၄.၆ သန်းအထိ မြင့်တက်
Photo: EPA

ယခုနှစ်ရဲ့ ပထမကိုးလတာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုသူ ခရီးသည်ပမာဏ ၄.၆ သန်းအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်ကာလတူမှ ခရီးသည်ပမာဏ ၄.၃၂ သန်းနဲ့ နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ Yangon Aerodrome Company (“YACL”) မှ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို ခရီးသည်ပမာဏမြင့်တက်လာရခြင်းဟာ ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲမှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် တရုတ်ခရီးသွားစျေးကွက်မှ ခရီးစဉ်တိုးချဲ့ ပျံသန်းမှုများကြောင့်ဖြစ်တယ်လို့ YACL က ပြောကြားခဲ့ပါတယ်။

ယခင် ၁၂ လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းလိုင်းသစ် သုံးလိုင်းနဲ့ ခရီးစဉ်သစ် နှစ်ခုထပ်မံတိုးချဲ့ပျံသန်းခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ ယခင်နှစ်က နိုင်ငံတကာလေကြောင်းလိုင်း ၃၁ လိုင်းမှ နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ မြို့ပေါင်း ၃၁ မြို့သို့ ချိတ်ဆက်ပျံသန်းပြေးဆွဲခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံတကာလေကြောင်းလိုင်း ၃၅ လိုင်းမှ အာရှဒေသတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံ ၂ နိုင်ငံတိုရှိ မြို့ပေါင်း ၃၃ မြို့နဲ့ ချိတ်ဆက်ပျံသန်းပြေးဆွဲလျက်ရှိပါတယ်။

တရုတ်၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ နိုင်ငံတကာခရီးသည်ပမာဏ မြင့်တက်လာရခြင်းရဲ့ အဓိကနိုင်ငံတွေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly