လာမည့်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင် ဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်း

လာမည့်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင် ဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်း

ရန်ကုန်။အောက်တိုဘာ ၁၉။           ။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ လျာထားချက် မပြည့်မှီခဲ့သော်လည်း လာမည့်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစံချိန်တင် ဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

အောက်တိုဘာလ ၁၉ရက် မနက်ပိုင်းက ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သော ဒုတိယ သမ္မတ(၁)နှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “အဓိကတော့ နိုင်ငံရေးအခြေနေအရ ကျွန်တော်တို့ကို အမြင်မကြည်တဲ့ အပိုင်းတွေရှိတဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံမှုဟာ နှောင့်နှေးနေတာတွေရှိပါတယ်။ သို့သော်လည်း အဆိုပြုထားတဲ့ အဆိုပြုချက်တွေကြည့်မယ် ဆိုရင် လာမယ့်နှစ်မှာ စံချိန်တင်လောက်နိုင်တဲ့အခြေနေမှာ ရမယ်လို့ မျှော်မှန်းထားပါတယ်။ အထူးသဖြင့် ကမ်းလွန်ရေနံလုပ်ကွက်နဲ့ ပြည်တွင်းမှာလုပ်မယ့် ဓာတ်သတ္တု ရှာဖွေရေးတူးဖော်ရေး လုပ်ငန်းတွေကို စိစစ်ပြီးခွင့်ပြုမယ်ဆိုရင်နိုင်ငံဟာ FDI ကြီးကြီးမားမားရရှိဖို့ အလားအလာရှိကြောင်း သတင်းကောင်းပါး ချင်ပါတယ်” ဟု ဦးသောင်းထွန်းက ဆိုသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏ(FDI)ကိုအစိုးရမှ ၅ ဒဿမ ၈ ဘီလီယံ မျှော်မှန်းထားသော်လည်း ၄ ဘီလီယံကျော်သာခွင့်ပြုပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးအတွက် အွန်လိုင်းမှတဆင့် မှတ်ပုံတင်ခွင့်ပြုခြင်း အပါအဝင် ကုမ္ပဏီမှတ်ပုံတင် အခကြေးငွေများကို လျှော့ချခြင်း စသည့် ဖြေလျှော့မှုများစွာကို ပြုလုပ်ခဲ့သည်။

“မြန်မာဟာ လာမယ့်နှစ်မှာ GDP  ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထား ပါတယ်။ ဒါမနေ့တစ်နေ့က ထုတ်ပြန်တဲ့စာရင်းဇယားတွေဖြစ်တဲ့အတွက် နိုင်ငံရဲ့အလားအလာဟာ ကောင်းတယ်လို့ပြော ချင်ပါတယ်။ မြန်မာရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေတယ်လို့ ယူဆ ပါတယ်။ မြန်မာအပေါ်မှာလည်း ပိုပြီးယုံကြည်မှုရှိလာပြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း လာမယ့်နှစ်မှာ ပိုစီးဝင်လာမယ်လို့ မျှော်မှန်းလို့ရပါတယ်” ဟု ဦးသောင်းထွန်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် အပြုသဘောဆောင်သော မူဝါဒရေးရာများကို ပြင်ဆင်ဆောင် ရွက်မှုများ ပြုလုပ်နေသောကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု FDIမှာ သိသိသာသာအကျိုးရှိလာရန် မျှော်လင့်ထားကြောင်း သိရသည်။

" ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ဒါပေမယ့် လက်ရှိအနေအထားအရ ပြန်ကြည့်ရင်မှန်းထားသလောက်မလာဘူးပေါ့။ ပြန်သုံးသပ်ကြည့်တော့၊ ကျွန်တော်တို့ဆီမှာ လာ ဆွေးနွေးနေကြတဲ့အခါမှာ အခြေခံအဆောက်အအုံနဲ့ စီးပွားရေးနှေးကွေးမှုတွေကြောင့်ရယ်ပါ။ ပြီးတော့ အဓိကပြသာနာက လေဘာကိစ္စပါ။ ကျွန်တော်တို့ရဲ့ အကြံပြုချက်ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့နဲ့လုပ်ငန်းရှင် တွေပါဝင်တဲ့ Task Force တစ်ဖွဲ့ ဖွဲ့စည်းပြီးတော့ဒီအလုပ်သမားကိစ္စတွေကို ဖြေရှင်းရင်ပိုကောင်းပါတယ်”ဟု ကုန်သည်စက်မှုအသင်းချုပ်ဉက္ကဋ္ဌဦးဇော်မင်းဝင်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကိုJICA အကူအညီရယူကာရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လာမည့်အနှစ်၂၀အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရရှိမည်ဟု မျှော်မှန်းထားကြောင်း ထို့အပြင်ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှု အညွှန်းကိန်းမှာလည်း လာမည့်နှစ်တွင် အဆင့်တက်လာနိုင်ကြောင်း အဆိုပါတွေ့ဆုံပွဲမှ သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly