မကွေးတိုင်းတွင် ယခုနှစ် ကိုးလအတွင်း သဘာဝဘေး ၄၄၁ကြိမ်ဖြစ်ပွားခဲ့

မကွေးတိုင်းတွင် ယခုနှစ် ကိုးလအတွင်း သဘာဝဘေး ၄၄၁ကြိမ်ဖြစ်ပွားခဲ့

မကွေး၊အောက်တိုဘာ ၁၈။             ။ မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအကုန်အထိ ကိုးလအတွင်း သဘာဝ ဘေးဖြစ်ပွားမှု ၄၄၁ကြိမ်အထိရှိခဲ့ပြီး ထောက်ပံ့ငွေစုစုပေါင်း ကျပ်သိန်း ၄၅၃၉သိန်းကျော် ထောက်ပံ့ ပေးခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

အောက်တိုဘာ ၁၈ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သော ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိင်ခြေလျော့ချေရးနေ့ အခမ်းအနား အဖွင့် အမှာစကားပြောကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သဘာဝဘေး ၄၄၁ကြိမ်ဖြစ်ပွားခဲ့ရာမှာ ဆန်ရိက္ခာတန်ဖိုးရန်ပုံငွေ၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို အချိန်နဲ့တပြေးညီ ထောက်ပံ့ပေးခဲ့တာထောက်ပံ့ငွေစုစုပေါင်း ကျပ်သိန်း ၄၅၃၉သိန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။

ယနေ့လက်ရှိကမ္ဘာတစ်ဝှမ်းတွင် သဘာဝဘေးအန္တရာယ်များ အဖြစ်များလာပြီး ကမ္ဘာ့လူဦးရေ တိုး တက်လာမှု၊လူနေမှုစနစ်များ ပြောင်းလဲလာမှုများကြောင့် ကုန်ထုတ်လုပ်ငန်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာကြောင်း ထိုသို့ပြောင်းလဲတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော ရေနံသဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေး လောင်စာများကို အ မြောက်အများထုတ်ယူသုံးစွဲလာရပြီး ကာဗွန်အောက်ဆိုဒ်ဓါတ်ငွေ့များ ကမ္ဘာ့လေထုထဲသို့ ရောက်ရှိ ကာ ကမ္ဘာကြီးပူနွေးလာကြောင်း ကမ္ဘာ့လေထုထဲရှိသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို စုပ်ယူထိန်းသိမ်းပေးနိင်သည့် သစ်တောသစ်ပင်များကို လူများက စည်းမဲ့ကမ်းမဲ့ ခုတ်ယူသုံးစွဲမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ လေထုအတွင်း အထိန်းအကွပ်မဲ့ရောက်ရှိကာ ကမ္ဘာကြီး ပိုမို ပူနွေးကာ သဘာဝဘေးများဖြစ်ပေါ်၍ ထိခိုက်ဆုံးရှုံးခြင်းများ ဖြစ်လာရကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားသည်။

“ကမ္ဘာ့နိင်ငံအသီးသီးမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ရဲ့ဆိုးကျိုး သက်ရောက်မှုကို ကမ္ဘာနိင်ငံအသီးသီးနဲ့အတူ မြန်မာနိင်ငံဟာလည်း ခံစားနေရပါတယ်။ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းတွေကို ကမ္ဘာ့နိင်ငံအနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်နေသလို မြန်မာနိင်ငံမှာလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊မြို့နယ်အဆင့်အထိ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထိုသို့ သဘာဝဘေးအန္တရာယ်များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိင်ငံတကာအဖွဲ့အစည်းများနှင့်လူမှုရေးအသင်း အဖွဲ့များ အားလုံးမှ ပူးပေါင်းကာ တက်ညီလက်ညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

သဘာဝဘေးလုပ်ငန်းများအား ကမ္ဘာ့နိင်ငံအသီးသီးတွင်ဆောင်ရွက်နေကြပြီး မြန်မာနိင်ငံတွင်လည်း ဘက်စုံကဏ္ဍာစုံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly