ရန်ကုန်၊ အောက်တိုဘာ ၁၇ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလအတွင်း နေပြည်တော်၌ ကျင်းပသွားရန်ရှိကြောင်း ပအိုဝ်းအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ ကမဇ္ဈိမသို့ပြောသည်။
“ကျွန်တော်တို့ လျာထားတာက ၂၈ ရက်နေ့၊ နိုင်ငံတော်အကြီးအကဲများအားလပ်တဲ့ရက်ပေါ့။ အထူးသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်က ပြန်ရောက်ပြီးတာနဲ့စမှာ။ ကျိန်းသေသလောက်ရှိပြီး အတိုင်ပင်ခံက ၂၆ မှာ မြန်မာပြည်ပြန်ရောက်မယ်။ ၂၈ မှာ စမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါနှစ်ပတ်လည်အခမ်းအနားတွင် သက်ဆိုင်ရာအကြီးအကဲများမှ မိန့်ခွန်းပြောကြားပြီး အလွှတ်သဘော သာပြောဆိုကြရန်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် အစိုးရအနေဖြင့် NCA လေးနှစ်ပြည့် နှစ်ပတ်လည်ကျင်းပမည့် အောက်တိုဘာ ၂၈ ရက်နေ့တွင် JICM အစည်းအဝေးကျင်းပရေးကိုလည်း ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ကဆိုသည်။
“အလွှတ်သဘောညှိကြတာတော့ အောက်တိုဘာ ၂၄၊ ၂၅ လောက်မှာလုပ်ဖို့လျာထားတယ်” ဟု ၎င်းကပြောသည်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) သည် ပင်လုံညီလာခံကျင်းပရေးအတွက် အရေးကြီးသည့် အစည်းအဝေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်သည့် အစည်းအဝေးလည်းဖြစ်သည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်းအမျိုးသား လွတ်မြောက်ရေး ပါတီ(CNF) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၈ ဖွဲ့တို့က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့က NLD အစိုးရလက်ထက်တွင် NCA ကိုထပ်မံရေးထိုးခဲ့သည်။