အ.က.သ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် ပြုလုပ်

အ.က.သ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာလ ၁၆။         ။ အ.က.သ ခေါင်းဆောင်ဟောင်း ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်အခမ်းအနားတစ်ခုကို ကျန်ရစ်ခဲ့သည်မိသားစုဝင်များ နှင့် ကျောင်းသားခေါင်းဆောင်များ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အောက်တိုဘာလ ၁၆ ရက်နေ့တွင် တာမွေမြို့နယ်၊ ကောဝိဒရာမကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

ကိုသက်ဝင်းအောင်သည် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ထောင်ဒဏ် ၅၇ နှစ် ကျခံနေရစဉ် ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးအိုးဘိုအကျဉ်းထောင် ၌ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

" သက်ဝင်းအောင်က နိုင်ငံတော်အတွက်ဆို အနစ်နာခံပြီးလုပ်ခဲ့တယ်။ တော်တော်လေး စွန့်စွန့် စားစားလုပ်ခဲ့တယ်။ များသောအားဖြင့်သူကိုယ့်ကျိုးစွန့်ပြီးလုပ်ခဲ့တယ်။ သူ့ကို လူချစ်လူခင်များ ကြတယ်။

လူတိုင်းကသူလုပ်ရက်ကိုသဘောကျ လက်ခံကြတယ်။ အတူနေတဲ့ကျောင်းသားတွေ ဆိုရင်လည်း သူ့ကိုလက်ခံပါတယ်။သူလုပ်ဆောင်ချက်တွေ ပီပီပြင်ပြင်ဖြစ်တယ်ဆိုပြီးသက်စွန့် ဆံဖျားလုပ်ရမယ့် အလုပ်တွေဆို သူက ဂရုမစိုက်ဘူး တော်တော်လေးကိုဆောင်ရွက်တယ်။ သူ လုပ်တာကိုင်တာနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကလည်း အသက်နဲ့မမျှအောင် ၅၉ နှစ်ဆိုတော့တော်တော် လေး ခံလိုက်ရတဲ့သဘောရှိတယ်။ ဒါပေမယ့်သူကမဖြုံပါဘူး။

အစာငတ်ခံပြီး တိုက်ပွဲဝင်ခဲ့တဲ့ သဘော တွေ ရှိခဲ့တယ်။ သူမှန်မယ်ထင်တာဆို နောက်မဆုတ်ပါဘူး " ဟုကိုသက်ဝင်းအောင်၏ဖခင်ဖြစ်သူ ဦးဝင်းအောင် က မဇ္စျိမသတင်းဌာန ကိုပြောသည်။

ကိုသက်ဝင်းအောင် ကွယ်လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစတင်ကာ ကွယ်လွန်ခြင်းအထိမ်းအမှတ်များဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ ကျောင်းသားခေါင်းဆောင် များ ၊ မိဘ ဆွေမျိုးများတို့မှ အထိမ်းအမှတ်၊ အမှတ်တရများကိုနှစ်စဉ် ပြုလုပ်ပေးလေ့ရှိကြောင်း သိရ သည်။

" ဘာလို့သတိရနေသင့်လဲဆိုရင် ကိုယ့်ကျိုးစွန့်ပြီးတော့ အများအတွက်လုပ်သွားကြတယ်။ သူတို့ကို သတိရနေသင့်တယ်လို့ထင်တယ်။ဘာလို့ဆို ကိုယ်ကျိုးမှမကြည့်ကြတာ ကိုယ်ကျိုးမကြည့်တဲ့လူကို သတိရသင့်တယ်ဆိုတာ ကောင်းခြင်းတစ်ခုပါပဲ " ဟု ကိုသက်ဝင်းအောင် ၏ အစ်ကိုဖြစ်သူ ကိုသိန်းတန်က ပြောသည်။

အသက် ၃၅ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည့် ကိုသက်ဝင်းအောင် အတွက် ပြုလုပ်သည့် ၁၃နှစ် မြောက်အခမ်းအနားတွင် ကောဝိဒါရာမကျောင်းတိုက်မှ သံဃာများကို ဆွမ်းကပ်ကာ လာရောက် ကြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့်အတူ ကိုသက်ဝင်းအောင် ၏ မိဘ နှစ်ပါးတို့မှ တရားနာခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

" ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေအတွက် နာမည်နဲ့ လမ်းတွေပေးထားတာ ၊ အဲဒီလူတွေ အတွက် ရုပ်ပုံတွေကို နံရံတွေမှာရေးထားတာ တွေ့ဖူးတယ်။ ဒါက ကိုယ့်နိုင်ငံကတောင်မဟုတ်ပါဘူး။ အဲတော့လူတွေကမေးတယ်။ ဒီလူက ဘာလဲ၊သူနာမည်နဲ့ဘာလို့ပေးထားတာလဲ ဆိုတော့ သူတို့က ရှင်းပြတယ်။ ဒီလူတွေသည် ဘယ်လောက်ပေးဆပ်ရတယ်။ ဘယ်လောက်မှဘဝမှာ ပွန်းပဲ့ပြီးတော့ နောက်ဆုံး အသက်ပေးခဲ့ရတဲ့လူတွေပါ ပါတယ်။ ဒီအခြေအနေတွေ ရောက်လာတာဟာ လွယ်လွယ် ရောက်လာတာဆိုတာ သိအောင်လို့ပါ။”ဟု ၈၈ ငြိမ်း/ပွင့်မှ ဦးမင်းကိုနိုင်က ပြောသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly