မူဆယ်မြို့ရှိ လုပ်ငန်းရှင်တချို့ထံ SSPP/SSA လက်နက်ကိုင်အဖွဲ့ စာပို့

မူဆယ်မြို့ရှိ လုပ်ငန်းရှင်တချို့ထံ SSPP/SSA လက်နက်ကိုင်အဖွဲ့ စာပို့

မန္တလေး၊ အောက်တိုဘာ ၁၇ ။        ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ လုပ်ငန်းရှင်တစ်ချို့ထံသို့ SSPP/SSA လက်နက်ကိုင်အဖွဲ့မှ အကြောင်ကြားစာတစ်စောင်ကို အောက်တိုဘာလ ၁၆ရက်နေ့ ပေးပို့ခဲ့ကြောင်း အကြောင်းကြားစာ ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

"အကြောင်းကြားစာရတာကတော့ သုံးရက်ရှိပြီ။ဆွေးနွေးဖို့မဟုတ်ပါဘူး။ဆက်ကြေးတောင်းဖို့ပါ။ဒီလို စာရွက်ပေး ခေါ်ပြီး ငွေတောင်းတာပါပဲ။"ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။

အဆိုပါစာတွင် SSPP/SSA လက်နက်ကိုင်အဖွဲ့ ဒေသလုံခြုံရေးရုံးသို့ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀ နာရီမှ ၅ နာရီအတွင်းမပျက်မကွက် လာရောက်တွေ့ဆုံရန်ဟု ပါရှိပြီး ယခုကဲ့သို့ အကြောင်း ကြားစာပေးပို့၍ ငွေတောင်းခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ခံရသည်ဟု အကြောင်းစာ ရရှိ သည့် လုပ်ငန်းရှင်အချို့က ဆိုသည်။

"ကျွန်တော့်ရဲ့အမြင်ကတော့ မပေးသင့်ဘူးပေါ့။ အစိုးရကိုလည်း အခွန် အမျိုးမျိုးပေးနေရတယ်။ စည်ပင်ခွန်၊ ကုန်သွယ်ခွန်၊ ရေခွန်၊ မိတာခွန်တွေ ကြီးနေတဲ့အထဲ အရောင်းအဝယ်ကလဲပါးတော့ ဗူးလေးရာ ဖရုံဆင့် ဆိုသလိုဖြစ်နေတယ်။ နောက်ပြီးသူတို့တောင်းရင်လည်း သိန်းဂဏန်း မဟုတ် ဘူး။ကိုယ်က မပေးရင် တိုင်ရင်လည်း နောက်ကျော မလုံဘူးလေ။အဲ့တော့ ပြည်သူက ခံဘက်က ပါပဲ။"ဟု အကြောင်းကြားစာရရှိထားသူ နောက်ထပ် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အကြောင်းကြားစာရရှိထားသည့် လုပ်ငန်းရှင်အများစုမှာ လတ်တလောတွင် အလုပ်အကိုင် အဆင် မပြေခြင်းကြောင့်သွားရောက်တွေ့ဆုံရန် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

"အလုပ်က မဖြစ်ဘူး။တောင်းတဲ့ငွေ မပေးနို်င်မှာစိုးတော့ သွားတွေ့ဖို့ စိုးရိမ်နေရတယ်။ ဘာဆက်လုပ်ရမလည်း မသိသေးဘူး။"ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါ အကြောင်းကြားစာထဲတွင် ဖုန်းနံပါတ်နှစ်ခု ထည့်သွင်းထားပြီး ထိုဖုန်းနံပါတ်များအား မဇ္ဈိမက ဆက်သွယ်မှု ပြုလုပ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly