တန်ဖိုးရှိသည့် မဲတစ်ပြား၊ တန်ဖိုးမရှိ မဖြစ်ရအောင် လူတိုင်းတွင် တာဝန်ရှိသည်

တန်ဖိုးရှိသည့် မဲတစ်ပြား၊ တန်ဖိုးမရှိ မဖြစ်ရအောင် လူတိုင်းတွင် တာဝန်ရှိသည်

စစ်မှန်သည့် ဒီမိုကရေစီစနစ်နှင့် ဝေးကွာနေခဲ့ရသည့် မြန်မာနိုင်ငံသည် ရာစုနှစ်များစွာ ရွေးကောက်ပွဲ အတွေ့အကြုံနှင့် ဝေးကွာခဲ့ရပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အတွေ့အကြုံများ စွာကို အခြားကဏ္ဍများနည်းတူ နောက်ကျ ကျန်နေခဲ့ကြသည်။

၂၀၁၀ တွင်မူ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းပြီး ရွေးကောက်ပွဲများဖြင့် ပြန်လည် အသက်ဝင်လာအောင် ဒေသတွင်း နိုင်ငံများ၏နောက်မှ လိုက်ကာ အပြေးအလွှား စီစဉ်ခဲ့ ကြသည်။ သို့သော် ထိုစဉ်က ရွေးကောက်ပွဲသည် အငြင်းပွားစရာများဖြင့် ရှုပ်ထွေးနေခဲ့ပြီး ရွေးကောက်ပွဲ ဝင်လိုသူနှင့် မဝင်လိုသူ၊ နှစ်ခြမ်းကွဲခဲ့ကြပြီး ဒီမိုကရေစီ ဘက်တော်သား အချို့ ကွဲထွက် သွားကြပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။

ဆိုလိုသည်မှာ ရွေးကောက်ပွဲ အတွေ့အကြုံကို ၂၀၁၀ တွင်မှ ပြန်လည် စတင်နိုင်ခဲ့ကြပြီး ထိုစဉ်က အကွဲအပြဲများကြောင့် မဲပေးလိုသည့် မဲဆန္ဒရှင် များစွာတို့သည် မသေမချာဟူသည့် ယူဆ ချက်များဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် မဲမပေးခဲ့ကြပေ။ အလားတူ ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် လူတိုင်းပါဝင်သော သို့မဟုတ် မဲပေးခွင့်ရှိသူတိုင်း ပါဝင် မဲပေးခဲ့ကြသည်ဟု ပြောဆိုရန် ခက်ခဲပေလိမ့်မည်။ အဆိုပါ အခြေအနေများကြောင့် ရွေးကောက်ပွဲ အတွေ့အကြုံသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် များစွာ လေ့လာရန် လိုအပ်နေပါလိမ့်မည်။

၂၀၁၀ တွင်မူ မဲစာရွက်ပေါ်တွင် ဘောလ်ပင်ဖြင့် အမှန်ခြစ်ကာ မိမိပေးလိုသည့် ကိုယ်စားလှယ် လောင်းကို အမှန်ခြစ်ရန်ပင် ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင်မူ မိမိပေးလိုသည့် ကိုယ်စားလှယ် လောင်း၏ အမည်နှင့် ပါတီအမှတ်တံဆိပ် အကွက်တွင် တံဆိပ်တုံး ရိုက်နှိပ်ရမည် ဖြစ်သည်။

ငါးနှစ်အတွင်း ကွာခြားသွားသည့် မဲပေးနည်းစနစ်၊ ရွေးကောက်ပွဲနှင့် အလှမ်းဝေးနေသည့် နိုင်ငံသူ နိုင်ငံသားတို့၏ အတွေ့အကြုံများသည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် များစွာသော အမှားမျိုး ကြုံတွေ့နိုင်သည်ကို ကြိုတင် တွေးဆထားရမည် ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၁၅ ရက်က စတင်ကာ ကြိုတင်မဲများကို မြန်မာနိုင်ငံသံရုံးတွင် ထည့်စေရာ မဲပေးသူ ဆန္ဒရှင်များက လွန်ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များဟု ညည်းတွားခဲ့ကြသည်။ စင်ကာပူနိုင်ငံသို့ ရောက်ရှိ မဲပေးကြသူများပင်လျင် လုပ်ငန်းစဉ်များသည် ရှုပ်ထွေးသည်ဟု ပြောဆိုကြ ပါမူ မြန်မာနိုင်ငံအတွင်းမှ မဲဆန္ဒရှင်များအတွက်မူ မည်သို့သော အခြေအနေများ ရှိလေမည်နည်း ကြိုတင် တွေးဆထားကြရန် လိုအပ်ပါလိမ့်မည်။

မိမိပေးသည့် မဲတစ်မဲသည် စနစ်တကျမှုကြောင့် မိမိပေးလိုသည့် ကိုယ်စားလှယ်လောင်း မဟုတ်ဘဲ အခြား ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သွားနိုင်ပါသည်။ အလားတူ မဲပေးမှု စနစ်မကျမှု ကြောင့် ပယ်မဲလည်း ဖြစ်သွားနိုင်ပါသည်။ မိမိပေးသည့် မဲသည် တိုင်းပြည်အတွက် အထောက်အကူ ပြုမည့် ပြုပြင်ပြောင်းလဲရေးအတွက် ထောက်အကူ ပြုမည့် မဲတစ်မဲအဖြစ် ရည်ရွယ် မဲပေးခဲ့သော် လည်း အဆိုပါမဲသည် ပယ်မဲ ဖြစ်သွားခဲ့ပါက အလွန် ဝမ်းနည်းဖွယ်ကောင်းသည့် အခြေအနေပင် ဖြစ်သည်။

မဇ္ဈိမ၏ လေ့လာမှုများအရ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင် အများစုက မဲပေးနည်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရန် လိုလားနေကြသည်။ ထို့အတူ မည်သို့မည်ပုံ မဲပေးကြရမည်၊ မည်သို့သော အခြေအနေ ဖြစ်ပါက ပယ်မဲ ဖြစ်သွားမည်ကို သိရှိမှု အားနည်းနေကြသည်ကို တေ့ွရှိရသည်။

ထို့ကြောင့် မိမိအသည်းကြားမှ မဲတစ်ပြားကို တန်ဖိုးရှိသည့် မဲတစ်ပြားဖြစ်ရန်နှင့် မဲဆန္ဒရှင်များ အတွက် မည်သို့မည်ပုံ မဲပေးကြရမည်ကို ပညာပေးရန် ရွေးကောက်ပွဲကောက်မရှင်၊ နိုင်ငံရေးပါတီများ ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များ ပေါ်တွင်လည်း တာဝန်ရှိ သတိမူကြရန် မဇ္ဈိမက သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags