မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

ရန်ကုန်။ ။အောက်တိုဘာ ၁၀ ။         ။ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ နှင့်၂၀၂၁ခုနှစ်တို့တွင် ကျဆင်းနိုင်သည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသည်။

အဆိုပါနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၆ဒသမ၃ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၅ဒသမ၈ရာခိုင်နှုန်း၊ ၂၀၂၀ နှင့်၂၀၂၁ တွင် ၅ဒသမ၆ ရာခိုင်နှုန်းဖြင့် အသီးသီးကျဆင်း သွားနိုင်သည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့ဝယ်လိုအား အားနည်းလာခြင်း ၊ လက်ရှိ အမေရိကန် နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုများကြောင့်လည်း ပြည်ပပို့ကုန်နှင့် ရင်းနှီးမြှပ်နှံမှုတိုးတက်နှုန်း မှာကျဆင်းစေသည့် ဘက်သို့ ဦးတည်နေကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလထုတ် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ နှင့်ပစိဖိတ် ဒေသစီးပွားရေး အစီရင်ခံစာတွင်ဖော်ပြထားသည်။

သို့သော် တရုတ်နိုင်ငံ၏ မဟာဗျူဟာစီမံကိန်း တစ်ခုဖြစ်သည့် Belt and Road Initiative ပိုးလမ်းမစီမံကိန်းမှာ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ကဏ္ဍအပေါ်ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများရှိလာနိုင်သည်ဟု ကမ္ဘာ့ ဘဏ်၏ တာဝန်ရှိသူကထောက်ပြပြောဆိုခဲ့သည်။

" ဒီပရောဂျက်က တစ်ကမ္ဘာ့လုံးကို ဦးတည်ပြီးတော့မှ လုပ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။ အဲတော့ ကောင်းတဲ့ အလား အလာတွေကဘာတွေ ဖြစ်မလဲဆိုတော့ နိုင်ငံအတွင်းမှာ အခြေခံအဆောက်အအုံတွေ ပိုပြီး လိုအပ် လာတာဖြစ်မယ်။ တစ်ချိန်ထဲမှာ အထူးသဖြင့် အကြွေးစနစ်တွေ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုတွေ ဒါတွေလိုမယ်။ ဒီ စီမံချက်ကြီးကလဲ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အကျိုးသက်ရောက်မှု တွေရှိနိုင်တယ်။ ဥပမာ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းသွားရင် ကုန်သွယ်ရေးပိုပြီး လွယ်ကူစေမယ်၊ဆိုတော့ ကုန်သွင်းကုန်ထုတ်တွေ ပိုပြီးလွယ်ကူစေတယ်ဆိုတော့ ကောင်းတဲ့စီမံချက်တစ်ခုလို့တော့ မြင်ထားတယ်"ဟု World Bank Group ၏ Lead Economist ဖြစ်သူ့Hans Anand Beck က ဆိုသည်။

ထို့အပြင် နိုင်ငံအချို့တွင် ကြွေးတင်မှုမြင့်တက်လာခြင်းကလည်း တိုးတက်မှုနှုန်း ကျဆင်းမှုကို ကုစားရန် အတွက်ဘဏ္ဍာရေး နှင့်ငွေကြေးမှုဝါဒ အသုံးချနိုင်စွမ်းအပေါ်တွင် အကန့်အသတ်ဖြစ်စေကြောင်းသိရသည်။ ထို့အပြင် ကမ္ဘာ့ဘဏ္ဍာရေး အခင်းအကျင်း အပြောင်းအလဲများကြောင့် ဒေသတွင်းချေးငွေစရိတ် ပိုမိုမြင့်တက် လာကာ ချေးငွေပြန်ဆပ်နိုင်ခြေနှုန်းကိုလည်း နှေးကွေးသွားစေသည့်အပြင် ဒေသတွင်း ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု နှင့်စီးပွားရေး တိုးတက်မှုနှုန်းအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ကမ္ဘာ့ဘဏ်တာဝန်ရှိသူများက ထောက်ပြ ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly