ခွေးမွေးခြင်းက အချိန်စော သေဆုံးမှုကို လျော့ပါးစေနိုင်

ခွေးမွေးခြင်းက အချိန်စော သေဆုံးမှုကို လျော့ပါးစေနိုင်

အိမ်မွေးတိရစ္ဆာန်တွေဟာ စိတ်ပျော်ရွှင်မှုကို ပေးပါတယ်။ သင်တို့ရဲ့ နေထိုင်မှု ဘဝပုံစံမှာ ခွေမွေးဖို့အတွက် တကယ်အကြောင်းပြချက်တစ်ရပ်လည်း ရှိနေပါတယ်။ ဒါကတော့ ခွေးမွေးတာက အချိန်စော သေဆုံးမှုကို လျော့ပါးစေနိုင်တယ်ဆိုတာပါပဲ။

“ကျွန်တော်တို့ သုတေသန တွေ့ရှိတာကတော့ အိမ်မှာ ခွေးမွေးထားတဟာ ဘယ်လို သေဆုံးမှုမျိုးကိုမဆိုအတွက် အမှန်ပဲ ကာကွယ်မှု ပေးတာကို သုတေသနပြု တွေ့ရှိရပါတယ်။”လို့ နယူးယောက်ရှိ Mount Sinai ကျန်းမာရေးသုတေသနစင်တာမှ ပညာရှင် ဒေါက်တာ ကာရိုလိုင်းကရမ်မာက ပြောပါတယ်။

ကာရိုလိုင်းကရမ်မာ ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ခွေးမွေးတာနဲ့ ကျန်းမာရေး ဆက်စပ်မှုကို နှစ် ၇၀ နီးပါး ကမ္ဘာလုံးဆိုင်ရာ သုတေသန ပြုလုပ်ခဲ့တဲ့ တွေ့ရှိချက်ကို American Heart Association အသင်းကြီးက ထုတ်ဝေတဲ့ Circulation ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့တာပါ။

လူရဲ့ အကောင်းဆုံး မိတ်ဆွေ ခွေးတွေကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး အမေရိကန်၊ ကနေဒါ၊ စကင်ဒီနေးဗီးယား၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတို့က ပြည်သူ လေးသန်းနီးပါးကို သုတေသနပြု ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

“ခွေးမွေးထားတဲ့ ခွေးပိုင်ရှင်တွေဟာ အချိန်မတန်ခင် သေဆုံးမှု ဘေးအားလုံး ၂၄ ရာခိုင်နှုန်း လျော့နည်းကျဆင်းမှုနဲ့ ချိတ်ဆက်မှု ရှိတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။”လို့ ကရမ်မာက ပြောပါတယ်။

“ခွေးမွေးထားတဲ့ သူတွေဟာ အကျိုးကျေးဇူး တော်တော်များများ ရရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးနိုင်တဲ့ ဘေးကိုဆိုရင် ၃၁ ရာခိုင်နှုန်းအထိ လျော့ပါးစေနိုင်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required