မန္တလေး၊အောက်တိုဘာ ၂ ။ ။ အိန္ဒိယနိုင်ငံ လူထုခေါင်းဆောင် မဟတ္တမ ဂန္ဓီ၏ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အနေဖြင့် မဟတ္တမ ဂန္ဓီ ပုံပါ အထူး တံဆိပ်ခေါင်းများရောင်းချခြင်းအခမ်းအနားကို မန္တလေး အောင်မြေသာစံမြို့ ၂၂ လမ်း ၊ ၈၀ လမ်းနှင့် ၈၁ လမ်းကြားရှိ စာတိုက်ကြီးတွင် အောက်တိုဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်။
“မဟတ္တမဂန္ဓီအနေနဲ့ ကမ္ဘာလောကကြီးပေါ်မှာ ထားခဲ့တဲ့ မေတ္တာ စေတနာနဲ့ သူပြောခဲ့တဲ့ သူရဲ့ Message တွေကို အမှတ်တရ တံဆိပ်ခေါင်းလေးတွေကနေတစ်ဆင့် သယ်ယူပြီးတော့ လူသားတွေဆီရောက်ရှိအောင် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့စာတိုက်လုပ်ငန်း အထွေထွေမန်နေဂျာ ဒေါ်နုနုသန်းက ပြောသည်။
အဆိုပါ ပွဲကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ စာတိုက်လုပ်ငန်းနှင့် မန္တလေးမြို့ အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့က ပူးပေါင်းပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။
“မဟတ္တမဂန္ဓီလို့ ပြောလိုက်ရင် အိန္ဒိယတစ်နိုင်ငံ အိန္ဒိယ လူ့အဖွဲ့အစည်းကိုပဲ ကိုယ်စားပြုတာ မဟုတ်ပါဘူး။ မဟတ္တမဂန္ဒီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး နိုင်ငံတကာအကြမ်းမဖက်မှုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီဟာ နိုင်ငံတကာမှာ အကြမ်းမဖက်တဲ့နည်းနဲ့ ကိုယ်ယူချင်တဲ့အရာတွေကို ရအောင်လုပ်မယ်ဆိုတဲ့ အယူအဆတွေကို မွေးဖွားပေးခဲ့တဲ့ နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်” ဟု အမှတ်တရ တံဆိပ်ခေါင်းရောင်းချသည့် အခမ်းအနားတွင် အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr.Nanda Singh Bhaisora က ပြောကြားခဲ့သည်။
အထိမ်းအမှတ်တံဆိပ်ခေါင်း နှင့် ပို့စကဒ်များကို မန္တလေး ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တပြိုင်နက်တည်း ရောင်းချပေးနေခြင်းဖြစ်ကာ တံဆိပ်ခေါင်း တစ်ခုလျှင် တစ်ရာကျပ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ရောင်းချပေးသွားမည်လည်း ဖြစ်သည်။ မန္တလေးစာတိုက်ကြီးအနေဖြင့် တံဆိပ်ခေါင်း ငါးသောင်းကျော် နှင့် ပို့စကဒ် ခုနှစ်ရာကျော်ရောင်းချပေးသွားမည်ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/