မြောက်ဦးဒေသယူနက်စကိုဝင်ရေး အဆိုပြုစာတွဲမူကြမ်းတင်သွင်း

မြောက်ဦးဒေသယူနက်စကိုဝင်ရေး အဆိုပြုစာတွဲမူကြမ်းတင်သွင်း

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။         ။ နှစ်ပေါင်း ၅၀၀ ခန့်သက်တမ်းရှိပြီး ရှေးဟောင်းစေတီပုထိုးများတည်ရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် UNESCO သို့ ဝန်ကြီးဌာနမှနေ၍ အဆိုပြုစာတွဲမူကြမ်း တင်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပြုစာတွဲမူကြမ်းတင်သွင်းနိုင်ရန်အတွက် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က မူကြမ်းကိုတင်သွင်းခဲ့ခြင်းဖြစ် သည်ဟု မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်း က ပြောသည်။

“ အခုတင်သွင်းလိုက်တဲ့ထဲမှာ ဘယ်ဟာတွေလိုအပ်တာလဲ။ ဘယ်ဟာတွေ သူတို့သိချင်တာလဲ ဆို တာတွေသူတို့ ထပ်ပေါင်းပါဦးမယ်။ အဲ့အတွက် ကျွန်မတို့က ဇန်နဝါရီ ၃၀ လောက်အထိ (၂၀၂၀) အဆင်သင့်ရှိရပါဦးမယ်။ ၂၀၂၀ သြဂုတ်လောက်မှာ သူတို့တွေလာပြီးစစ်ပါမယ် ”  ဟု ၎င်းကဆိုသည်။

အခန်း ၉ ခန်းပါဝင်သော အဆိုပြုစာတွဲမူကြမ်းတွင် ယဉ်ကျေးမှုအမွေအနစ်များ တစ်စုတစ်စည်းတည်ရှိ နေသောနေရာအဖြစ် ၄၂၃၃.၇၈ ဟတ်တာနှင့် ကာကွယ်စောင့်ရှောက်ထားသည့်ဇုန် ၅၃၄၇.၂၉ ဟတ်တာ ဟူ၍ နှစ်ပိုင်းခွဲတင်သွင်းခဲ့ပြီး စုစုပေါင်း မြေဟတ်တာ ၉၅၈၁.၀၇  ကိုတင်သွင်းခဲ့ခြင်း လည်း ဖြစ်သည်။

“ ၂၀၂၁ ခုနှစ် မတ်လလောက်မှာကျင်းပမယ့် ညီလာခံကမှ အဖွဲ့ဝင် ၂၁ နိုင်ငံကမဲပေးပြီး ဆုံးဖြတ် မှာပါ” ဟု ဒေါ်ခင်သန်းကဆိုသည်။

မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲအချို့နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်၍ အိုဟောင်းနေသော အချို့စေတီပုထိုးများမှ ထိခိုက်မှုအနည်းငယ် ရှိနေကြောင်းလည်း သိရသည်။

ထို့ကြောင့် မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန်ဒေသခံများက တောင်းဆိုနေကြပြီး ရခိုင့်တပ် (AA) မှလည်း ဘုရား၊ စေတီပုထိုးများကို အကာအကွယ်ယူ၍ စစ်ရေးလုပ်ရှားမှုများ ပြုမည် မဟုတ်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးတွင် ပျူမြို့ဟောင်း ၃ မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေ အနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပခဲ့သည့်ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရေးကော်မတီ၏ ၄၃ ကြိမ်မြောက်အစည်းအဝေးတွင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် အမွေအနှစ်အဖြစ် ပုဂံဒေသကိုထပ်မံရွေးချယ်ခဲ့ပြီး မြောက်ဦးဒေသသာ UNESCO ဝင်ခဲ့ပါက ၃ ခုမြောက် ဖြစ်လာမည် လည်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly