အင်ဒိုနီးရှားငလျင်မှာ လူအနည်းဆုံး ၂၀ သေဆုံး

By AFP
27 September 2019
အင်ဒိုနီးရှားငလျင်မှာ လူအနည်းဆုံး ၂၀ သေဆုံး

ဂျကာတာ၊ စက်တင်ဘာ ၂၇ ။        ။ အင်ဒိုနီးရှားနိုင်ငံ အစွန်ဖျား မာလူကူကျွန်းစုမှာ ကြာသပတေးနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူအနည်းဆုံး ၂၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်များစွာ ရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ငလျင်ကြောင့် မြေပြိုမှုဖြစ်ပြီး မြေပိသေဆုံးသူ တစ်ဦးရှိကြောင်း သဘာဝဘေးအေဂျင်စီက ပြောပါတယ်။

အဲဒီနေ့ နံနက်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၅ အငဆ့် ငလျင်လှုပ်ရာမှာ အဆောက်အအုံတွေ ပြိုကျတာကြောင့် လမ်းမတွေပေါ် လူတွေဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

“ဒဏ်ရာရသူက အနည်းဆုံး ၁၀၀ လောက်တော့ ရှိတယ်။ လူ ၂၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်။”လို့ အမျိုးသား သဘာဝဘေးကယ်ဆယ်ရေးဌာနမှ ပြောခွင့်ရသူ အက်ဂတ်စ်ဝီဘိုဝိုက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဥမမယ်စာမမြောက်အရွယ် လသားကလေးငယ်တစ်ဦးပါ ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

လူဦးရေ လေးသိန်းနီးပါး ရှိရာ အမ်ဘွန်မြို့မှာ အပျက်အစီး အိမ်တွေကြား၊ ပြိုကျတဲ့ အဆောက်အအုံတွေကြား သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာရသူတွေကို ကျန်ဒေသခံတွေက ကူညီပေးနေတာကို ဓာတ်ပုံတွေအရ မြင်တွေ့ရပါတယ်။

ငလျင်ဟာ အမ်ဘွန်မြို့ အရှေ့မြောက်ဖက် ၃၇ ကီလိုမီတာအကွာ မြေအောက် ၂၉ ကီလိုမီတာ အနက်မှာ ဗဟိုပြု လှုပ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးက ထုတ်ပြန်ပါတယ်။

အဲဒီ ငလျင်ကြီး လှုပ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၂၄ ကြိမ် လှုပ်ခဲ့ရာမှာ ပြင်းအား ၅ ဒသမ ၆ အဆင့် ငလျင်ပါ ပါဝင်ခဲ့တယ်လို့ အင်ဒိုနီးရှား မိုးလေဝသဌာန၊ မြေငလျင်နှင့် ဆူနာမီ ဌာနခွဲ အကြီးအကဲ ထရီယိုနိုက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly