ရေနံချက်ဖိုများ ထင်းအစားထိုးလောင်စာတောင့် သုံးစွဲရန် ညွှန်ကြားထားဟုဆို

ရေနံချက်ဖိုများ ထင်းအစားထိုးလောင်စာတောင့် သုံးစွဲရန် ညွှန်ကြားထားဟုဆို

စစ်ကိုင်း ၊ စက်တင်ဘာ ၂၆ ။       ။ စစ်ကိုင်းတိုင်းအတွင်းရှိ ရေနံချက်ဖိုအားလုံး ထင်းအစားထိုးလောင်စာဖြစ်သည့် လောင်စာတောင့် (သို့မဟုတ်) Burner(ဘိတ်ချေးရည်)ဖြင့်ချက်ရန် ကုမ္မဏီများ၊ လုပ်ငန်းရှင်များကို ညွန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း ကပြောသည်။

စက်တင်ဘာ ၂၆ရက်က ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အရာတော်မြို့နယ်၊ မဲဆန္ဒနယ်မြေ ၂မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏက စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ရေနံချက်ဖိုများအား ပြန်လည်စိစစ်၍ ထင်းအသုံးပြုမှုကို လုံးဝ ပိတ်ပင်ရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ရာ ဝန်ကြီးကယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်။

"စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသန္တရရေနံချက်ဖိုများအားလုံး တရားဝင်လိုင်စင် လျှောက်ထား လုပ်ကိုင်စေလျက် ထင်းအစားထိုးလောင်စာဖြစ်တဲ့ လောင်စာတောင့်(သို့မဟုတ်)Burner(ဘိတ်ချေးရည်)ဖြင့် ချက်လုပ်စေ၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ထင်းလုံးဝအသုံးမပြုစေရေး အလေးထားဆောင်ရွက်သလို သက်ဆိုင်ရာ ကုမ္မဏီများ လုပ်ငန်းရှင်များကိုလည်း ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ပြီးဖြစ်တယ်"ဟု ဝန်ကြီး ဦးလာလ်ထောင်ထန်းကပြောသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းကောက်ယူခဲ့သော စာရင်းများအရ ထင်းအသုံးမပြုဘဲ Buner systemဖြင့် ဒေသန္တရ ရေနံချက်လုပ်နေသော လုပ်ငန်းရှင် ၅၈ ဦး၊ ချက်ဖို ၁၅၃ ဖိုရှိကြောင်း သိရသည်။ ယခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည်ကမၻပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ရေနံ ချက်ဖိုများ၌ ထင်းအစားထိုး လောင် စာဖြစ်သည့် Buner systemဖြင့် စတင်၍ ထီထွင်အသုံးပြုသူ မုံရွာမြို့နယ် ကျောက္ကာရေနံချက်ဖိုဇုံရှိ စွမ်းအားဖွံ့ဖြိုး ကုမ္ပဏီမှ ဒေသန္တရရေနံချက်ဖိုလုပ်ငန်းရှင် ဦးထိန်ဝင်းလွင်အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဂုဏ်ပြုမှတ်တမ်း လွှာကို ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း ဝန်ကြီးကပြောသည်။
မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာဒေသနှင့်စည်သာလေးရွာတွင် ဒေသန္တရရေနံချက်လုပ်သော လိုင်စင်ရ ရေနံချက် ဖိုလုပ်ငန်းရှင် ၁၃၆ ဦး၊လျှောက်ထားဆဲလုပ်ငန်းရှင် ၂၅ ဦး၊ဖန်းခါးကျင်းရွာတွင် လိုင်စင်ရရေနံချက်ဖိုလုပ်ငန်းရှင် နှစ်ဦး နှင့်လျှောက်ထားဆဲလုပ်ငန်းရှင် ၁၁ဦး၊ ဘုတလင်မြို့နယ် လက်ပံရွာတွင် လျှောက်ထားဆဲလုပ်ငန်းရှင် ၃ ဦးတို့က ဒေသန္တရ ရေနံချက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဦးလာလ်ထောင်ထန်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုလဲ၊ ကျွန်းလှနှင့်မကွေးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသည့်ရေနံများကို မုံရွာမြို့နယ် စည်သာလေးရွာအနီး ၊ ဘုတလင်မြို့နယ် လက်ပံရွာအနီးနှင့်မုံရွာမြို့နယ် ခဝဲကျင်းကျေးရွာတို့တွင် ဓာတ်ဆီ၊ ဒီဇယ် စသည်ဖြင့် ရရှိအောင် ချက်လုပ်ကြကြောင်း အရာတော်မြို့နယ် မဲဆန္ဒနယ်မြေ ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏကပြောပြသည်။

"ရေနံဖိုတစ်ဖိုရဲ့ထင်းအသုံးပြုပါက ၃ ရက် ၃ ညမီးထိုးရပြီး ခြောက်ဘီးကားရှည်တစ်စီးစာကုန်တယ်။"ဟု ဦးဝဏ္ဏ က ပြောသည်။

ထို့ကြောင့် ကုန်ကြမ်းအထူးရှာစရာမလိုသော ရေနံချက်ရာတွင် နောက်ဆုုံးကျန်သောဆီ ( ဘိတ်ချေးရည်) ကို ပြန်အသုံးပြုကာ Bunerစနစ်ဖြင့်ချက်ရန်၊ ထင်းအစားထိုး လောင်စာတောင့်များ သုံးရန်နှင့် တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ရန် လိုအပ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း အကြီးဆုံးဖြစ်သော ကျောက္ကာရေနံချက်ဖိုတွင် Buner စက်များ တပ်ဆင်သုံးစွဲနေသော်လည်း မီတာခနှင့်ရေနံဂျိုးစျေးတက်၍ ယခုနောက်ပိုင်း ထင်းလောင်စာကို ပြန်အသုံးပြုလာကြောင်း ရေနံချက်ဖို လုပ်ငန်းရှင် များ၏ပြောပြချက်အရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly