ကမ်းပြိုကျမှုကြောင့် ပခုက္ကူခရိုင်တွင် အိမ်ထောင်စု ၁၂၂ စု ရွှေ့ပြောင်းခဲ့ရ

ကမ်းပြိုကျမှုကြောင့် ပခုက္ကူခရိုင်တွင် အိမ်ထောင်စု ၁၂၂ စု ရွှေ့ပြောင်းခဲ့ရ

မကွေးတိုင်းဒေသကြီး ၊ စက်တင်ဘာ ၂၆ ။           ။ မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နှစ်လအတွင်း အိမ်ထောင်စု၁၂၂စု၊ လူဦးရေ ၅၁၀ ဦး ရွှေ့ပြောင်းခဲ့ရကြောင်း မကွေး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင်အတွင်းရှိ ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ်ဆုံသည့်နေရာဘေးတွင် နေထိုင်ကြသည့်ကျေးရွာများမှ အိမ်ထောင်စုများမှာ မြစ်ကမ်းပါးပြိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး မြေနှင့်စိုက်ပျိုးမြေများလည်း ဆုံးရှုံးမှုများ တွေကြုံလျက်ရှိသည်။

“ မြစ်ကမ်းပါးပြိုဘေးတွေက အခုလပိုင်းအတွင်း မကွေးတိုင်းဒေသကြီးမှာကြုံတွေ့နေရပါတယ်။ အများဆုံး ခံစား နေရတာက ပခုက္ကူခရိုင်ထဲက ဖြစ်ပါတယ်။ ချင်းတွင်းမြစ်နဲ့ ရာဝတီဖြစ်ဆုံတဲ့နေရာ တွေမှာနေထိုင်တဲ့သူတွေ အများဆုံး ကြုံနေ ရတာပါ။ မင်းဘူးခရိုင်ထဲက ဧရာဝတီဖြစ်ဘေးမှာရှိတဲ့ ပွင့်ဖြူ ၊ စလင်း နဲ့ မကွေးခရိုင်ထဲက ရေနံချောင်းမြို့နယ်တွေမှာလည်း ကမ်းပါးပြိုဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့သူတွေရှိနေပါတယ် “ ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာန ၊ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

သြဂုတ်လတွင် အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၅၈)ဦး ရွှေ့ပြောင်းခဲ့ရခြင်းအပေါ် ကယ်ဆယ်ရေးပစ္စည်းနှင့်ရွှေ့ ပြောင်းနေထိုင်စရိတ်ကျပ် ၁၇ သိန်း ၇၇၃၃၀ ကျပ် ၊ စက်တင်ဘာ ၁ရက်နေ့မှ ၂ဝရက်နေ့ထိ အိမ်ထောင်စု(၁၀၄)စု ၊ လူဦးရေ (၄၅၂)ဦး ရွှေ့ပြောင်းခဲ့ရခြင်းအတွက် ထောက်ပံ့ရန်ပုံငွေ ၁၀၅သိန်း ၄၉၂ဝဝကျပ်တို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ မှုများ လုပ်ဆောင်ခဲ့ကြောင်း တိုင်းဦးစီးမှူးရုံးက သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly