ပါကစ္စတန် ငလျင်မှာ သေဆုံးသူ ၃၇ ဦးအထိ ရှိလာ

ပါကစ္စတန် ငလျင်မှာ သေဆုံးသူ ၃၇ ဦးအထိ ရှိလာ

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၂၆ ။        ။ ပါကစ္စတန်နိုင်ငံမှာ ဒီ သီတင်းပတ်အတွင်း လှုပ်သွားတဲ့ ငလျင်မှာ သေဆုံးသူ ဦးရေဟာ ဗုဒ္ဓဟူးနေ့မှာ ၃၇ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူက ၅၀၀ နီးပါး ရှိပါတယ်။

အင်္ဂါနေ့ နေ့လယ်ပိုင်းက လှုပ်ခဲ့တဲ့ ဒီ ငလျင်ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရတဲ့ မီယာပူခရိုင်မှာ သေဆုံးသူဦးရေ အများဆုံးဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမတ်တေယက်က ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူထဲ ဆေးရုံမှာ သေဆုံးသူတွေ ရှိလာတာကြောင့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ သေဆုံးသူဦးရေ ထပ်တိုးလာတာဖြစ်ပြီး အခြေအနေ ဆိုးဝါးတဲ့ ဒဏ်ရာရသူတွေ ရှိနေသေးတာကြောင့် သေဆုံးသူ ထပ်တိုးနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

ဆေးရုံမှာ တင်ထားကုသပေးနေရတဲ့ ဒဏ်ရာရသူပေါင်းက ၁၆၇ ဦး ရှိပြီး ကျန်သူတွေကတော့ ဆေးရုံက ဆင်းသွားကြပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့ နေ့လယ် အစောပိုင်းမှာ မီယာပူမြို့အနီး ပြင်းအား ၅ ဒသမ ၈ အဆင့် ငလျင်လှုပ်ခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးစင်တာက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ငလျင်ပြင်းအားကို လျှော့ချပြီး ၅ ဒသမ ၆ အဆင့်ရှိ ငလျင်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ဗဟိုဟာ မြေအောက် ဆယ်ကီလိုမီတာအနက်မှာ ဗဟိုပြုပြီး ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသက ဂျီလမ်မြို့ကနေ ငါးကီလိုမီတာအကွာမှာ လှုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးစင်တာက ပြောပါတယ်။

ငလျင်ဒဏ်ရို ပတ်ရှ်ဝါ၊ လာဟိုး၊ မူရီးနဲ့ အစ္စလာမ္မာဘတ်မြို့တော်တွေအထိ ခံစားကြုံတွေ့ခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆုံးသတ်ပြီး အာဏာပိုင်တွေဟာ အခြေခံအဆောက်အအုံတွေ ပျက်စီးမှု အတိုင်းအတာကို သတင်းထုတ်ပြန်ဖို့ လုပ်ဆောင်နေပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly