လုယက်မှု ဖမ်းဆီးစဉ် ဓားထိုးခံရ၍ ရဲတပ်ကြပ်တစ်ဦးသေဆုံး

လုယက်မှု ဖမ်းဆီးစဉ် ဓားထိုးခံရ၍ ရဲတပ်ကြပ်တစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၄ ။       ။ ဒဂုံမြို့နယ်၌ လုယက်မှုတရားခံများအားဖမ်းဆီးစဉ် ပြန်လည်ရန်ပြုကာဓားဖြင့်ထိုးသောကြောင့် ရဲတပ်ကြပ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော မောင်ကောင်းထက်လင်း(၁၅)နှစ် အပါအဝင် နှစ်ဦးသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ ဘုရားလမ်းဘူတာမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားသံလမ်းအတိုင်း လမ်းလျှောက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်း ဈေးအနောက်ဘက်ရှိ လူကူးခုံးတံတားအောက်အရောက်၌ မဲလုံး(၁၉)နှစ်၊ အောင်သူ(၂၀)နှစ်နှင့် အောင်ကိုဦး(၁၉)နှစ်တို့ ၃ ဦး ရောက်ရှိ လာကာ ဓားဖြင့်ခြိမ်းခြောက်၍ မောင်ကောင်းထက်လင်း၏ လွယ်အိတ်အတွင်းမှ Vivo-51 အမျိုးအစား ဖုန်း တစ် လုံးအား လုယူပြီး ဘုရားလမ်းဘူတာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စအတွက် ရန်ကုန်ဘူတာကြီး ရဲစခန်းသို့လာရောက်အကြောင်းကြားခဲ့သဖြင့် ရန်ကုန် ဘူတာကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တရားခံများအား စုံစမ်းဖမ်းဆီးရာ မဲလုံးအား ပန်းဆိုးတန်း ခုံးတံတားအောက်၌ ဖမ်းဆီးရမိပြီး အောင်သူအပါအဝင် နှစ်ဦးသည် သိမ်ဖြူမီးရထားရပ်ကွက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသူများကို  ရဲဒုတပ်ကြပ် မျိုးမြင့်လွင် ဦးစီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် အောင်သူမှ အရိုး အသွား ၉ လက်မခန့်ရှိသော ဓားဦးချွန်ဖြင့် ထိုးကာ ထွက်ပြေးသွားသောကြောင့် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်တွင် ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ဝဲ ဘက်ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိကာသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ ပြစ်မှုကျူးလွန်သူ ၃ ဦးအား ဒဂုံမြို့မရဲစခန်းမှ (ပ)၂၃၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂ (လူသတ်မှု၊ လုယက်မှု)ဖြင့် အမှုဖွင့်ခဲ့ပြီး ထွက်ပြေးတရားခံ ၂ ဦးဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ အောင်ကိုဦး နှင့် အောင်သူတို့အား စက်တင်ဘာလ ၂၄ ရက်တွင် မင်းရဲကောင်းပုံလမ်းနှင့် ဂရုဏာလမ်းထောင့်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly