ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခရီးသွားကုမ္ပဏီ Thomas Cook ဒေဝါလီခံ

By AFP
23 September 2019
ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခရီးသွားကုမ္ပဏီ Thomas Cook ဒေဝါလီခံ

စက်တင်ဘာ ၂၃ ။           ။ နောက်ဆုံးမိနစ်အထိ ပြန်လည် နာလန်ထူနိုင်ရေး ကြိုးပမ်းမှု အောင်မြင်ခဲ့ခြင်းမရှိတဲ့နောက်ပိုင်း ကုမ္ပဏီ ဒေဝါလီခံရပြီဖြစ်ကြောင်း ဗြိတိန် ခရီးသွားကုမ္ပဏီ Thomas Cook Group က စက်တင်ဘာ ၂၃ ရက်မှာ ကြေညာခဲ့ရပါတယ်။

Thomas Cook ကတော့ ထူထောင်မှု နှစ်သက်တမ်းပေါင်း ၁၇၈ နှစ် ရှိပြီဖြစ်ကာ ကမ္ဘာ့ သက်တမ်းအကြာဆုံး ခရီးသွားဝန်ဆောင်မှုကုမ္ပဏီလည်း ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီကတော့ နိုင်ငံပေါင်း ၁၆ ခုမှာ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ၊ လေကြောင်းလိုင်းတွေကို လည်ပတ်ခဲ့ပါတယ်။

ယခုလို လုပ်ငန်းပြိုလဲမယ့် ဘေးကနေ ကယ်ဆယ်နိုင်ဖို့အတွက် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူတွေဆီကနေ ကန်ဒေါ်လာ သန်း ၂၅၀ ( ပေါင် သန်း ၂၀၀) ရရှိနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

“ အစွမ်းကုန် အားထုတ်ခဲ့သော်ငြားလည်း ဒီ ညှိနှိုင်းဆွေးနွေးမှုတွေကတော့ လိုချင်တဲ့ ရလဒ် မရခဲ့ပါဘူး၊ ဒါကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ခုလို စာရင်းရှင်း ဖျက်သိမ်းတဲ့ လမ်းကိုပဲ ရွေးလိုက်ရတာပါ” လို့ Thomas Cook က ထုတ်ပြန်ပါတယ်။

ခုလို လုပ်ငန်းပြိုလဲခဲ့ရမှုဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းကြောင်း Thomas Cook ရဲ့ စီအီးအို  Peter Fankhauser ကလည်း ထုတ်ဖော်သွားခဲ့ပါတယ်။

ခုလို Thomas Cook ပြိုလဲမှုကြောင့် ယခုအခါ ကမ္ဘာတစ်ဝှမ်း ခရီးသည်ပေါင်း ၆ သိန်းလောက်ဟာ ရောက်ရှိနေတဲ့ နေရာတွေမှာ ရှေ့မဆက်နိုင်ဘဲ သောင်တင်နေလျက် ရှိတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly